October 31, 2024

၃၁. ၁၀. ၂၀၂၄
Written by Phyo Wei

၂၀၂၁ နိုင်ငံရေးဖြစ်စဉ်အပြီး SAC အစိုးရက လုယက်သတ်ဖြတ်မုဒိမ်းကျင့်တဲ့သူတွေကို သေဒဏ်ပေးလာသလို MNDAA ကလည်း လုယက်သတ်ဖြတ်မုဒိမ်းကျင့်တဲ့သူတွေကို သူ့တပ်ဖွဲ့ဝင်ပါမချန် လူမြင်ကွင်းမှာ သေဒဏ်ပေးလာတဲ့အပြင် လက်နက်ကိုင် “၀” တပ်ကလည်း ဟိုပန်မြို့ လူမြင်ကွင်းမှာ သေဒဏ်ပေးလာတာ တွေ့ရပြီး ဒီလို တိုင်းရင်းသားလက်နက်ကိုင်တွေ သေဒဏ်ပေးတာကိုတော့ ဝေဖန်ရှုတ်ချပြောရဲမှုမရှိတာမြင်ရတဲ့ ဒီရက်သတ္တပတ်မှာပဲ အနည်းဆုံး လူ ၈၀၀၀ လောက် ဖျော်ဖြေပါဝင်ယှဉ်ပြိုင်ကြမဲ့ အမျိုးသားအားကစားပွဲတော်ကို လာမယ့် ဒီဇင်ဘာ ၉ ရက်ကနေ ၂၀ ရက်အကြား ပြုလုပ်သွားမယ်လို့ အတည်ပြုရက်လည်း ထွက်လာခဲ့ပြီဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း NUG ရဲ့ PDF တွေက BNRA တပ်ဖွဲ့ဝင် ၂၂ ဦးနဲ့ ပြည်သူများစွာကို အင်အားသုံး ဖမ်းဆီးသွားမှုက အဓမ္မ ကြီးနိုင်ငယ်ညှင်းမှုဖြစ်လို့ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေး ဝန်းရံပေးဖို့ ပြည်သူတွေကို ဗိုလ်နဂါးရဲ့ BNRA က ပန်ကြားတဲ့ဖြစ်စဉ်၊ ချောက်မြို့နယ်အတွင်း ကျက်စားနေတဲ့ PDF တွေကို စစ်ကြောင်းထိုးရှင်းလင်းချိန် တိုက်ပွဲဖြစ်ပွားရာက အာဠာဝကမြို့ပြပြောက်ကျားတပ်ခေါင်းဆောင် ဗိုလ်ပေတအပါအဝင် အနည်းဆုံး PDF သုံးဦးသေဆုံးတဲ့ဖြစ်စဉ်၊ မောင်ဆောင်းခရဲ့ BPLA က အညာဒေသကို တပ်ဖြန့်မယ်လို့ ကြေညာလာတဲ့ဖြစ်စဉ်၊ နိုင်ငံ့ဝန်ထမ်းတွေကို CDM လုပ်မယ်ဆိုရင် ငွေကြေးထောက်ပံ့မယ်လို့ စတင်လှုံ့ဆော်ခဲ့တဲ့ Get Well Soon Myanmar Platform Page က Admin သုံးဦး ဖမ်းမိတဲ့ဖြစ်စဉ်၊ တိုက်ပွဲတွေမှာ တပ်သားသေဆုံးတယ်လို့ ဝန်ခံခဲ့ဖူးခြင်းမရှိတဲ့ TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်းသေဆုံးကုန်တဲ့ TNLA တပ်သားတွေအတွက် စစ်ဆင်ရေးနှစ်ပတ်လည်ရက်မှာ ဒါနပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်လာတဲ့ဖြစ်စဉ်၊ နယ်စပ်ဒေသမှာ ချင်းလက်နက်ကိုင် PDF အဖွဲ့နဲ့ အိန္ဒိယလက်နက်ကိုင်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး PDF ရော အိန္ဒိယလက်နက်ကိုင်တွေပါ သုံးဦးစီ သေဆုံးကုန်တဲ့ဖြစ်စဉ်တွေနဲ့ မျက်မှောက်ကာလ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အချိန်ကျရောက်လာပြီလို့ SAC ဥက္ကဋ္ဌ ပြောကြားလာတဲ့ဖြစ်စဉ်တွေအပြင် အရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေရဲ့ သမက်တော်စပ်သူ ဒေါက်တာနေစိုးမောင်ကိုပါ အကြမ်းဖက်အားပေးပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ် လှုံ့ဆော်၊ ဝါဒဖြန့်မှုနဲ့ အရေးယူလိုက်တဲ့ ဖြစ်စဉ်တွေရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ NUG ချိုးဖျက်လိုက်တဲ့ သေသူတစ်ဦးရဲ့ ဂုဏ်သိက္ခာအကြောင်း၊ ပညာရေးကို လက်နက်ကိုင်ပြီး လွှမ်းမိုးချင်တဲ့ PDF တွေကို အရေးယူပေးဖို့ တောင်းဆိုတဲ့အကြောင်းနဲ့ အကုန်လုံးက အနိုင်ချင်နေတဲ့ လက်နက်ကိုင်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်က ရှုတ်ချလိုက်တဲ့အကြောင်းတွေကို သုံးသပ်ပြချင်ပါတယ်။

◾ NUG ဖျက်ဆီးလိုက်တဲ့ သေသူ့သိက္ခာ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ NUG ဩဇာခံ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) – ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေ (ငပြည့်) က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာက မယုမွန်ထိုက်ဆိုတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို သူ့ပြန်မကြိုက်ဘဲ အမျိုးသမီးချင်း ချစ်ကြိုက်နေမှုနဲ့ မိဘရှေ့တင် ပစ်သတ်ခဲ့တဲ့ အင်မတန်ရုပ်ဆိုးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း မယုမွန်ထိုက် မိခင်က NUG က တာဝန်ရှိသူအားလုံးကို တိုင်စာပို့ခဲ့ရာမှာ သတ်ဖြတ်သူ PDF ဒုတပ်ခွဲမှူးငပြည့်က သမီးဖြစ်သူ မယုမွန်ထိုက်ကို သူ့ပြန်မကြိုက်မှုနဲ့ မိဘရှေ့တင် ပစ်သတ်သွားတာလို့ အတိအလင်းဖော်ပြခဲ့ပါလျက်နဲ့ အောက်တိုဘာ ၂၂ ရက် ရက်စွဲနဲ့ အခုတစ်ပတ်မှာ ထွက်ပေါ်လာတဲ့ NUG ရဲ့ အရေးယူစာမှာတော့ သေသူ သိက္ခာကျဆင်းအောင် သမီးရည်းစား စကားများရန်ဖြစ်ချိန် ငပြည့်က တစ်ချက်တည်း ပစ်သတ်လိုက်တာလို့ ဖော်ပြခဲ့တာ တွေ့ရပါတယ်။

NUG ဟာ သူ့တပ်သားကို အပြစ်ပေါ့ပေးပြီး သေသူကို အပြစ်ဖို့နိုင်ဖို့အတွက် သမီးရည်းစား စကားများလို့ တစ်ချက်တည်းပဲ ပစ်သတ်တာမို့ သတ်ဖြတ်သူတရားခံကိုလည်း ထောင် ၁၀ နှစ်ပဲ ချတယ်လို့ဆိုလာတဲ့အပြင် ချတဲ့ ထောင် ၁၀ နှစ် အပြစ်ပေးရာမှာလည်း မြန်မာ့တပ်မတော်က လက်ရှိကျင့်သုံးနေတဲ့ တပ်မတော်အက်ဥပဒေနဲ့ အရေးယူခဲ့တာကြောင့်လည်း တစ်ချိန်လုံး COC လို့ပြောနေတဲ့ NUG ရဲ့ ကိုယ်ပိုင်ဥပဒေမရှိမှု၊ သေသူသိက္ခာထိခိုက်အောင် စော်ကားမှု၊ သတ်ဖြတ်တဲ့သူကို ၁၀ နှစ်ပဲ ထောင်ချတဲ့အပြင် ဘယ်နေရာမှာ ထောင်ချတယ်ဆိုတာကို ဘယ်သူမှ မသိတော့ဘဲ အမှန်တကယ် အရေးယူမယူ ပြည်သူ မသိရှိရမှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ကြသလို PDF စိုးမိုးနယ်မြေတွေမှာ လူသတ်၊ လုယက်၊ မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ ပိုမိုဆိုးရွားလာတဲ့ အရင်းခံနဲ့ ဒီလိုမျိုး လူသတ်မုဒိမ်းမှုတွေကို အကာအကွယ်ပေးနေတဲ့ NUG ရဲ့ လုပ်ရပ်တွေကလည်း ပြည်သူ့တပ်မတော်ဆိုတဲ့နာမည်နဲ့ မလိုက်ဖက်တဲ့အပေါ် လူထုက မေးခွန်းထုတ်သံညံလာတာ တွေ့ရပါတယ်။

◾ ပညာရေးကို လွှမ်းမိုးမှုနဲ့ အရေးယူပေးဖိုတောင်းဆိုခံရတဲ့ လက်နက်ကိုင် PDF

NUG က လုပ်ဆောင်နေတဲ့ ကြားကာလပညာရေးအပေါ် လက်နက်ကိုင်ပြီး လွှမ်းမိုးခြယ်လှယ်နေတဲ့ PDF တွေနဲ့ ပသုံးလုံးအဖွဲ့တွေကို အရေးယူပေးဖို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက တောင်းဆိုလိုက်ပြီး အချက် ၅ ချက်ပါဝင်တဲ့ ဒီ တောင်းဆိုချက်မှာ NUG ထိန်းချုပ်နယ်မြေတွေမှာ ကောက်ယူနေတဲ့ အခွန်တွေကနေ ပညာရေးအသုံးစရိတ်ကို ရာခိုင်နှုန်းတစ်ခုသတ်မှတ်ပြီး ပညာရေးကဏ္ဍတာဝန်ရှိသူတွေ ခွဲဝေသုံးစွဲနိုင်ရေး ရှင်းလင်းပြတ်သားစွာ ပေးအပ်ဖို့၊ အခကြေးငွေယူပြီး ကျုရှင်သင်နေတဲ့ NUG ကျောင်းတွေကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ ကလေးတွေအားလုံး သာတူညီမျှစွာ ပညာသင်ကြားခွင့် အခွင့်အရေးကို ချိုးဖောက်ပြီး ခွဲခြားဆက်ဆံနေတဲ့ ကျောင်းတွေက ကျောင်းတာဝန်ခံတွေကို ဖော်ထုတ်အရေးယူပေးဖို တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ပညာရေးကဏ္ဍကို ဝါဒဖြန့်ချိရေးနဲ့ ဩဇာအာဏာ တည်ဆောက်ရေးသဖွယ်အသုံးချပြီး ဝင်ရောက် စွက်ဖက် လွှမ်းမိုးခြယ်လှယ်ချုပ်ကိုင်နေတဲ့ ပကဖ ၊ ပလဖ အပါအဝင် လက်နက်ကိုင်အဖွဲ့တွေကို လက်နက်ကိုင်အဖွဲ့အစည်းဆိုင်ရာ မူဝါဒတွေနဲ့အညီ NUG ၊ MOD နဲ့တကွ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းတွေက ထိန်းကျောင်းကြပ်မတ်ပေးဖို့အပြင် လိုအပ်ရင် ဥပဒေအရ အရေးယူပေးဖို့ကိုပါ တောင်းဆိုထားတာ တွေ့ရပါတယ်။

နိုင်ငံရေးအာဏာအငြင်းပွားမှုကို ခုတုံးလုပ်ပြီး ကိုယ့်ကို လူတစ်စုတစ်ဖွဲ့က ထောက်ခံမှုမြင့်တက်လာအောင် ဘာတစ်ခုမှ ဆက်ပြီး တက်လမ်းမရှိတဲ့ NUG ရဲ့ ကြားကာလပညာရေးစနစ်ဟာ လူငယ်တွေကို ကမ္ဘာက အသိအမှတ်ပြုပညာတတ်ဘွဲ့လက်မှတ်ထောက်ခံချက်လည်းမပေးနိုင်ရတဲ့အထဲ အခုလို လက်နက်ကိုင်ပြီး ချယ်လှယ်ခံနေရတာက NUG ရဲ့ ကြားကာလပညာရေးဟာ ယုံမိတဲ့လူငယ်တွေအဖို့တော့ ငါးပါးမက သံဃာစင်ပါ မှောက်ကုန်တော့တာပါပဲ။ တခြားသောဆိုးရွားမှုတွေအဖြစ်လည်း စာသင်ခန်းလုံခြုံရေးအကြောင်းပြချက်နဲ့ PDF တွေ လက်နက်ကိုင်ပြီး ဥဒဟိုဝင်ထွက်သွားလာ၊ စာသင်ခန်းနဲ့ ကလေးတွေကို လူသားဒိုင်းအသွင်ယူထားတာ၊ လက်နက်ကိုင်ကို ချေမှုန်းချိန် စာသင်ကျောင်းနဲ့ ကလေးတွေထိရင် စာသင်ကျောင်းကို တိုက်ခိုက်ပါတယ်လို့ မျက်ရည်ခံထိုးပြီး အလှုခံတာတွေလည်း မြင်နေရသေးတာပါ။ သေချာတာကတော့ ဒီလိုမျိုး သုံးစားမရတဲ့ စာသင်ခန်း၊ ဘယ်နေရာမှအသုံးမဝင်တဲ့ အထက်တန်းပြီးဆုံးကြောင်းလက်မှတ်တစ်ခုနဲ့ လူငယ်တွေကို လိမ်လည်လှည့်ဖျား ဘ၀ဖျက်နေတာ၊ လက်နက်နဲ့ စာသင်ခန်းရောထွေးပြီး ကလေးတွေကို လူသားဒိုင်းလုပ်နေတာတွေဟာ ရပ်တန်းက ရပ်သင့်ပါပြီ NUG လို့ပဲ ပြောရတော့မှာပါ။

◾ ကုလသမဂ္ဂမှာ ရှုတ်ချခံရတဲ့ လက်နက်ကိုင်တိုင်းရဲ့ အနိုင်ရလိုစိတ်

မြန်မာနိုင်ငံအတွင်း တငွေ့ငွေ့ကြာရှည်ဖြစ်ပွားနေရတဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံးအနေနဲ့ ကိုယ်ကသာ လုံးဝအနိုင်ယူလိုစိတ် သဘောထား ကျင့်သုံးနေမှုကို ရှုတ်ချမှုပြုခဲ့ပြီး အကြမ်းဖက်မှုတွေကို ရပ်တန့်ကြခြင်းကသာ ပြန်လည် ရင်ကြားစေ့သင့်မြတ်မှုကို ဖြစ်နိုင်ကြစေမယ်လို ကုလသမဂ္ဂအဖွဲ့၊ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂျုလီဘိရှော့က အောက်တိုဘာလ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဧပြီလမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးခံရပြီးတဲ့နောက် ဂျူလီဘိရှော့က ကုလသမဂ္ဂ အထွေထွေညီလာခံကော်မတီကို ပထမဆုံးပြောကြားတဲ့မိန့်ခွန်းမှာ ဒီလိုထည့်သွင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရဲ့ အာဏာကို ထိန်းသိမ်းခဲ့ချိန်ကစလို့ နိုင်ငံတစ်ဝန်းမှာ လူမျိုးစုလက်နက်ကိုင်အုပ်စုတွေက အရှိန်မြှင့်တိုက်ခိုက်လာတာကို ၂၀၂၃ ခုနှစ်မှာတော့ အထူးရင်ဆိုင် တွေ့ကြုံခဲ့ရပါတယ်။ အထူးသဖြင့်တော့ မြောက်ပိုင်းမဟာမိတ်ခေါ်တဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်လာကြတာဖြစ်ပါတယ်။ ပဋိပက္ခကြောင့် မြန်မာနိုင်ငံမှာ တစ်ခါမှ မကြုံဖူးတဲ့ ဆင်းရဲဒုက္ခအခြေအနေအဆင့်ကို ရင်ဆိုင်နေကြပြီး ပြည်သူ ၃ ဒသမ ၄ သန်းလောက် စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာပြေးနေကြရတယ်လို့လည်းဂျုလီက အလေးထားပြောခဲ့ပါတယ်။

လက်နက်ကိုင်အားလုံးဟာ နိုင်ငံကြီးတချို့ ကူပံ့မှုနဲ့ မြို့ ၈၀ ကျော် သိမ်းနိုင်ခဲ့တာကြောင့် “ငါတို့နိုင်နေပြီ”လို့ လူထုကို မျှော်လင့်ချက်အမှားတွေပေးပြီး အာဏာချက်ချင်းရသလို ပြုမူနေကြတာကို လက်ရှိကာလမှာမြင်တွေ့နေရတာပါ။ တစ်ဖက်မှာလည်း အင်အားနည်းတဲ့မြို့ငယ်တွေနဲ့ ရမခကို ဆုံးရှုံးနေရတယ်ဆိုပေမဲ့လည်း စက်တင်ဘာလကစလို့ တန်ပြန်တိုက်ခိုက်မှုမှာ PDF တွေလည်း ရာနဲ့ချီ သေဆုံးနေရပြီး လွိုင်ကော်လို၊ ကောလင်းလို၊ ထီးချိုင့်လို မြို့တချို့လည်း ပြန်တိုက်ယူထားတာ တွေ့ရပါသေးတယ်။ စစ်ရေးမှာလည်း သိမ်းတာထက် ထိန်းတာ ပိုခက်တယ်ဆိုတာကို လားရှိုးလို နောင်ချိုလို နေရာတွေမှာ မြင်နေရတာပါ။ ဒါ့အပြင် အရင်တုန်းက ကုလသမဂ္ဂနဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေဟာ လက်နက်ကိုင်အားလုံးကို အပြစ်ပြောတာမျိုးထက် တပ်တစ်ဖက်တည်းကိုပဲ အပြစ်ဖို့ပြီး ကျန်တဲ့ လက်နက်ကိုင်တွေရဲ့ လုပ်ရပ်ကို လျစ်လျူရှုထားတာကနေ အခုလိုမျိုး ဂျုလီဘိရှော့ပ်က “အကုန်လုံးက ငါတို့နိုင်မှာ”ဆိုပြီး ညှိနှိုင်းလိုစိတ်မရှိတဲ့အပေါ်မှာ လက်နက်ကိုင်အကုန်လုံးကို ရှုတ်ချခဲ့တာကြိုဆိုရမှာဖြစ်သလို ဂျုလီဘိရှော့ပ်က PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာကို ဘယ်လိုချပြမလဲဆိုတာကလည်း စိတ်ဝင်တစား စောင့်ကြည့်ချင်စရာပါပဲလို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *