October 31, 2024

◾ အစိုးရအောင်ဘာလေထီနဲ့ အွန်လိုင်းထီရောင်းအားကောင်း၊ ယခုလအတွက် အောင်ဘာလေထီအုပ်ရေ ၆ သိန်းကျော်အထိ ရောင်းချထားရ

၃၁.၁ဝ.၂ဝ၂၄
Written by K Pyay Thein

အစိုးရအောင်ဘာလေထီနဲ့ အွန်လိုင်းထီရောင်းအားဟာ ကောင်းမွန်တဲ့အခြေအနေမှာရှိနေပြီး ယခုလအတွက် အောင် ဘာလေထီ အုပ်ရေ ၆ သိန်းကျော်အထိ ရောင်းချထားရကာ လာမယ့် ဒီဇင်ဘာလကစလို့ အောင်ဘာလေထီကို အက္ခရာဂဏန်း ၉ လုံးအထိတိုးမြှင့်ဖွင့်လှစ်သွားဖို့ရှိနေတယ်လို့ ထီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

“ဒီလ ရောင်းအားကတော့ အကုန်လုံးကောင်းကြပါတယ်။ ထီအ‌စောင်ရေတွေ အစောကြီးပြတ်သွားတယ်။ ကျွန်တော်တို့ ဒီလ ရက် ၂၀ ၀န်းကျင်မှာ ပင်ရင်းဆိုင်တွေအကုန်လုံးမှာ ထီပြတ်သွားတယ်။ ရောင်းကုန်သွားတယ်။ ကျွန်တော်က ပင်ရင်းတွေကဖြန့်ဈေးကတော့ ထီတစ်စောင်ကို တစ်ထောင်၀န်းကျင်ပါပဲ။ အခုက အောင်ဘာလေထီရောင်းအားပြန်တက်လာတယ်လို့ပဲ‌ ပြောရမှာပါ။ အုပ်ရေအားဖြင့်ဆိုရင် ဒီလ ၆ သိန်းကျော်လောက် ရောင်းရပါတယ်။ အွန်လိုင်းထီလည်းရောင်းအား တက်လာတယ်လို့ ပြောလို့ရပါတယ်။ အွန်လိုင်းထီက အရင်တုန်းကနဲ့မတူတော့ဘူး။ သူကတော့ တစ်လကိုနှစ်ကြိမ်ပေါ့။ သူလည်း ရောင်းရတယ်ပြောတယ်။ သူက အခု အက္ခရာဂဏန်း ၄ လုံးအထိ ရောင်းထားရတယ်။ အစောင်ရေက ၃ သိန်း ၆ ‌သောင်းပေါ့။ အောင်ဘာလေအွန်လိုင်းထီက အက္ခရာတစ်လုံးမှာ အစောင်ရေ ၉ သောင်းရှိပါတယ်။ သူကလာမယ့်လ နှစ်ရက်နေ့မှာဖွင့်မယ်”လို့ ပြည်တွင်းရှိ ထီလုပ်ငန်းရှင်တစ်ဦးက MT News ကို ပြောပါတယ်။

ဒါ့အပြင် ယခုနှစ်ကုန်ပိုင်းဒီဇင်ဘာလမှစလို့ အောင်ဘာလေထီကို အက္ခရာ ၉ လုံးအထိ တိုးမြှင့်ဖွင့်လှစ်သွားဖို့ရှိနေသလို ထီဆုကြေးတွေကိုပါ တိုးမြှင့်လာဖို့ရှိနေပြီး ထီလုပ်ငန်းရှင်တွေနဲ့ ထီကိုယ်စားလှယ်တွေဘက်က ထီဆုကြေးကိုလည်း ကျပ်သိန်းတစ်သောင်းအထိ တိုးမြှင့်ဖွင့်လှစ်ပေးဖို့တင်ပြထားတာတွေရှိတယ်လို့ သိရပါတယ်။

“လာမယ့်ဒီဇင်ဘာမှာ အောင်ဘာလေထီက အက္ခရာကို ထပ်တိုးဖွင့်မယ်။ အုပ်ရေလည်းတိုးထုတ်မယ်။ အုပ်ရေတိုးလာရင် ထီဆုအရေအတွက်နဲ့ ဆုကြေးလည်းတိုးလာမယ်။ မနေ့က အစည်းအဝေးမှာ ကျွန်တော်တို့ထီလုပ်ငန်းရှင်တွေဘက်က ထီအုပ်ရေနဲ့ အက္ခရာတွေတိုးလာရင် ထီဆုကြေးကို သိန်းတစ်သောင်းအထိ ပြန်ပြီးတိုးမြှင့်ဖွင့်လှစ်ပေးဖို့တောင်းဆိုထားတာရှိပါတယ်။ အခုအောင်ဘာလေထီရဲ့အမြင့်ဆုံးဆုက ကျပ်သိန်းငါးထောင်ပါ။ အခုမိုးတွင်းကာလမှာ အောင်ဘာလေထီရောင်းအားကအတော်လေးတက်လာပါတယ်”လို့ ထီကိုယ်စားလှယ်တစ်ဦးက ထပ်လောင်းပြောပြပါတယ်။

လက်ရှိမှာအောင်ဘာလေထီကို ပုံမှန်တစ်လတစ်ကြိမ်နဲ့ အောင်ဘာလေအွန်လိုင်းထီကိုပုံမှန်တစ်လနှစ်ကြိမ် ဖွင့်လှစ်ပေးနေတာလည်းဖြစ်ပါတယ်။

#အောင်ဘာလေထီ #ဆုကြေးတိုး #ရောင်းအားတိုး #အွန်လိုင်းထီ #ထီ‌ဈေးကွက် #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *