October 31, 2024

၃၁.၁၀. ၂၀၂၄
Translated by Htwe Ko Tun

နိုင်ငံအကြီးအကဲဖြစ်တဲ့ကင်ဂျုံအန်းရဲ့ အမိန့်ပေးချက်အတိုင်း တာဝေးပစ်တိုက်ချင်းပစ် ဒုံးပျံတစ်စီးကို အောက်တိုဘာလ ၃၁ ရက် နံနက်မှာ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီး ဒီစမ်းသပ်မှုက မြောက်ကိုရီးယားအနေနဲ့အင်အားအကြီးဆုံး မဟာဗျူဟာမြောက် ဟန့်တားမှု လက်နက်ကို ပိုင်ဆိုင်ထားပြီဆိုတာ ပြသခဲ့ပါတယ်။

ဒေသဆိုင်ရာတည်ငြိမ်မှုကို ပျက်ပြားစေဖို့နဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးကိုခြိမ်းခြောက်ဖို့ကြိုးစားနေတဲ့ ပြိုင်ဘက်ရန်သူနိုင်ငံတွေအတွက် အခုလိုတာဝေးပစ် တိုက်ချင်းပစ်ဒုံးပျံပစ်လွှတ်တာက သတိပေးချက်ပေးပို့လိုက်တာပဲလို့ ကင်ဂျုံအန်းက ပြောခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အမေရိကန်စစ်တပ်ရဲ့ အင်ဒို-ပစိဖိတ် စစ်တိုင်းကလည်း မြောက်ကိုရီးယားရဲ့ အခုလို တာဝေးပစ်ဒုံးပျံ စမ်းသပ်ပစ်လွှတ်တာက ဥပဒေ နဲ့မညီဘဲ အခြေအနေကို မတည်ငြိမ်အောင်လုပ်တာပဲလို့ အောက်တိုဘာလ ၃၁ ရက်မှာပဲ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီကလည်း တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံပစ်လွှတ်တာက မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ထပ်မံချိုးဖောက်လိုက်တာပဲလို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီကမြောက်ကိုရီးယားကို ပိတ်ဆို့မှုအသစ်တွေပြုလုပ်ပြီး မဟာမိတ်တွေ၊ ကုလသမဂ္ဂတို့နဲ့ အနီးကပ်လက်တွဲဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားခဲ့တာပါ။ ဒီနည်းနဲ့နိုင်ငံတကာအသိုက်အဝန်းက မြောက်ကိုရီးယားအပေါ်ပိတ်ဆို့မှုတွေ ပိုပြီးခိုင်မာလာအောင် ဆောင်ရွက်သွားနိုင်မယ်လို့လည်း တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုလ်က ပြောခဲ့ပါသေးတယ်။

ယွန်က တကယ်လို့များ မြောက်ကိုရီးယားဘက်က ရုတ်တရက် ရန်စတိုက်ခိုက်မှု တစ်စုံတစ်ရာ လုပ်လာခဲ့ရင် တားဆီးဖို့ လုံလောက်တဲ့ကြိုတင်ပြင်ဆင်မှုလုပ်ထားဖို့နဲ့ ပြင်းထန်စွာတုံ့ပြန်ဖို့ အမိန့်ပေးထားတယ်လို့လည်း သိရပါတယ်။

KCNA သတင်းဌာနကတော့ ကင်ဂျုံအန်းအနေနဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး သူ့ရဲ့ ရပ်တည်ချက်ကို ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *