October 31, 2024

၃၁. ၁၀. ၂၀၂၄
Written by Nay Moe

သတင်းထောက်တစ်ဦးဖြစ်ပြီး စစ်မှုထမ်းဟောင်းလည်းဖြစ်တဲ့ ဦးဇော်ဝင်း၊ ကလောင်အမည် နတ်မောက်သားမြွေဟောက်ကို နတ်မောက်ပကဖအဖွဲ့က ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့ပေါ်၊ နတ်မောက်မြို့မရဲစခန်းအနီးမှာ PDF တွေကို Live လွှင့် စိန်ခေါ်သူလို့ စွပ်စွဲပြီး ကလောင်အမည် နတ်မောက်သားမြွေဟောက်က သမီးဖြတ်သူကို ဆိုင်ကယ်နဲ့ကြိုလာချိန် နတ်မောက်သားမြွေဟောက်ကို ပစ်သတ်ခဲ့ကြတာပါ။

လက်နက်မဲ့သူတစ်ဦးလည်းဖြစ်တဲ့ နတ်မောက်သား​မြွေဟောက်ဟာ အာရက္ခမီဒီယာမှာ သတင်းတင်ဆက်သူအဖြစ် လုပ်ဆောင်ခဲ့ဖူးတာကို ရုပ်သံတချို့မှာ တွေ့မြင်ရသလို သူ့နေအိမ်ကလည်း နတ်မောက်ရဲစခန်းနဲ့ ကိုက် ၁၀၀ ခန့်အကွာမှာ ရှိနေတာကို PDF ထောက်ခံတဲ့ မီဒီယာတွေက ဖုံးဖိဖော်ပြပြီး အသက် ၅၃ နှစ်အရွယ် နတ်မောက်သားမြွေဟောက်ဟာ ပျူစောထီးခေါင်းဆောင် (ပြည်သူ့စစ်ခေါင်းဆောင်) ပါလို့ စွပ်စွဲဖော်​ပြထားတာလည်း တွေ့ရပါတယ်။

နွေဦးတော်လှန်ရေးဖြစ်စဥ်အပြီးမှာ တပ်မတော်သားဟောင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အများစုလုပ်ကိုင်ကြတဲ့ မှုခင်းသတင်းထောက်တွေဟာ သတ်ဖြတ်ခံရမှုများပြားလာသလို MT News ရဲ့ သတင်းမှတ်တမ်းတွေအရ လှိုင်သာယာမှာ နေထိုင်တဲ့ မှုခင်းသတင်းထောက်နှစ်ဦး၊ ကလေးမြို့ပေါ်နေထိုင်တဲ့ မှုခင်းသတင်းထောက် လင်မယားနှစ်ဦး၊ ချောက်မြို့နယ်က သတင်းထောက်တစ်ဦး၊ မင်းဘူးမြို့နယ်က မှုခင်းသတင်းထောက်မင်းသူလှိုင်၊ နတ္တလင်းက မှုခင်းရှုထောင့်သတင်းထောက်ဦးဌေးလွင်၊ ထားဝယ်မြို့က မှုခင်းသတင်းထောက် ဒေါ်ဇာခြည်ဦး စတဲ့သူတွေကို PDF တွေက သတ်ဖြတ်ခဲ့ကြပါတယ်။ ဒေါ်ဇာခြည်ဦးကို သတ်ဖြတ်တာက ထားဝယ်ပြောက်ကျားအဖွဲ့ဖြစ်ပြီး ဒီလိုမျိုး မှုခင်းသတင်းထောက်တွေကို PDF တွေက လိုက်လံသတ်ဖြတ်နေတဲ့အပေါ် မီဒီယာတွေက သတင်းထောက်သတ်ဖြတ်ခံရမှုအဖြစ် ဖော်ပြခြင်းမရှိဘဲ တပ်မတော်ထောက်တိုင်၊ တပ်သတင်းပေး၊ ပျုစောထီး စသလို တံဆိပ်ကပ်ဖော်ပြလေ့ရှိပါတယ်။

ပုံစာ။ နတ်မောက်သားမြွေဟောက် (ခ) ဦးဇော်ဝင်းသတင်းတင်ဆက်နေမှုနှင့် နတ်မောက်ပကဖအဖွဲ့၏ ကျုးလွန်ကြောင်း ဝန်ခံချက် (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *