October 31, 2024

၃၁.၁၀. ၂၀၂၄
Translated by Htwe Ko Tun

စပိန်နိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရုတ်တရက်ရေကြီးမှုများဖြစ်ပွားခဲ့ရာ လမ်းများပေါ်တွင် ကားများမျောပါ၍ အဝေးပြေးလမ်းများလည်း အဆက်အသွယ် ပြတ်တောက်ကာ ရေဘေးကြောင့်သေဆုံးသူ အနည်းဆုံး ၉၅ ဦးရှိပြီး အများအပြားပျောက်ဆုံး နေဆဲဖြစ်ကြောင်း စပိန်နိုင်ငံ အစိုးရတာဝန်ရှိသူများက အောက်တိုဘာလ ၃၀ ရက်တွင် ပြောခဲ့ကြသည်။

နိုင်ငံအရှေ့ပိုင်းနှင့်တောင်ပိုင်းတို့တွင် အောက်တိုဘာ ၂၉ ရက်မှစ၍ နာရီအနည်းငယ်အတွင်း ဒလဟော ရွာသွန်းခဲ့သောမိုးက မိုးရေချိန် ၁၂ လက်မအထိရှိခဲ့ပြီး ရေလွှမ်းမိုးမှုကိုဆိုးရွားစွာခံခဲ့ရသော ဗလန်စီယာမြို့တွင် ၂၈ နှစ်အတွင်း အဆိုးရွားဆုံးသော မိုးရွာသွန်းမှုဖြစ်ခဲ့သည်။ ဗလန်စီယာမြို့အတွင်းနှင့် ပတ်ဝန်းကျင်တွင်ရွာသွန်းသောမိုးကြောင့် အိမ်များမှာရေလွှမ်းမိုးကာ မြို့အတွင်းလမ်းများပေါ်တွင် ကားများမျော ပါကုန်ကြသည်ကို တွေ့ကြရသည်။

ဒေသအတွင်းမြို့များတွင် အကြီးအကျယ်ရေလွှမ်းမိုးမှုကြောင့် အိမ်များမှာပထမထပ်များအထိ ရေနစ်မြုပ်ကုန်ကြပြီး ဒေသတွင်းတံတားတစ်ခုမှာ ရေကြီးမှုကြောင့် ပြိုကျခဲ့ရသည်။ လန်စီယာဒေသအတွင်း အဝေးပြေးလမ်းမကြီးတစ်ခုဘေးနေရာများတွင် လူ ၁,၂၀၀ ခန့် ပိတ်မိနေကြပြီး မြို့အတွင်း၌ဆိုလျှင် ကားစီးရေ ၅,၀၀၀ ခန့်မှာ ရေများတဟုန်ထိုးတက်လာမှုကြောင့် မည်သည့်နေရာမှ သွားမရဖြစ်ခဲ့ကြသည်။

ဗလန်စီယာဒေသအတွင်း ရထားပြေးဆွဲမှုများလည်းရပ်ဆိုင်းထားကာ ကျောင်းများ၊ ပြတိုက်များ၊ စာကြည့်တိုက်များကိုလည်း အောက်တိုဘာလ ၃၁ ရက်အထိ ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း တွေ့ရသည်။ စပိန်အစိုးရက ရေဘေးကြောင့်သေဆုံးရသူများအတွက် ဝမ်းနည်းကြေကွဲကြောင်းအထိမ်းအမှတ် သုံးရက်ကို အောက်တိုဘာလ ၃၁ ရက်မှစ၍ တရားဝင်သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။

ရေဘေးကြောင့်သေဆုံးရသူမှာ အောက်တိုဘာလ ၃၀ ရက်အထိ ၉၅ ဦး ရှိပြီဖြစ်သော်လည်း အများအပြားမှာပျောက်ဆုံးနေကြဆဲဖြစ်ကြောင်းလည်း သိရသည်။ ဒေသတွင်း မြို့ကြီးများ၊ မြို့ငယ်များနှင့် ကျေးရွာများအားလုံးတွင် ရွှံ့နွံရေများက အိမ်များအတွင်း ဝင်ရောက်မှုကြောင့် ဒေသနေပြည်သူများမှာ မိမိတို့ အိမ်များအတွင်းပိတ်မိနေကြဆဲလည်းဖြစ်သည်။ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေကြဆဲဖြစ်ပြီး သေဆုံးသူဦးရေဆက်လက်မြင့်တက်လာနိုင်သေးကြောင်း သိရသည်။ မော်တော်ယာဉ်မောင်းများကိုလည်း ဆိုးရွားသောရာသီဥတုအခြေအနေမှာ မပြီးဆုံးသေး၍ ရေပြည့်လျှံနေသောလမ်းများနှင့် မြစ်များ အနီး မသွားရောက်ကြရန် သတိပေးချက်များထုတ်ပြန်ထားသည်။

Ref-CNN

Leave a Reply

Your email address will not be published. Required fields are marked *