October 31, 2024

၃၁.၁ဝ.၂ဝ၂၄
Written by K Pyay Thein

ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အပြောင်အပျက် သဘောဆောင်တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက် Facebook မှာ ပို့စ်တင်ပြီး မျှဝေခဲ့သူတစ်ဦးဖြစ်ပြီး မိသားစုဝင်တွေက ပျောက်ဆုံးနေလို့ဆိုကာ လိုက်လံရှာဖွေနေရတယ်လို့ဆိုတဲ့ ဟာဆယ်ယွန်ကို သာသနာတော်ညိုးနွမ်းစေမှုပုဒ်မနဲ့ လှိုင်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဟုတ်မှန်တယ်လို့ သူရဲ့မိသားစုဝင်တွေက MT News ကိုအတည်ပြု ပြောကြားပါတယ်။

ဟာဆယ်ယွန် ဖမ်းဆီးခံရတာဟာ “ဂျစ်ကားစီးဖူးသလား” ရုပ်ရှင်ဇာတ်ကားကြီးကို ဝေဖန်ခဲ့လို့ မဟုတ်ဘဲ သူ့ကိုယ်ပိုင် Facebook အကောင့်မှာ ယခင်ကတင်ထားခဲ့တဲ့ ဗုဒ္ဓဘာသာကို လှောင်ပြောင်စော်ကားတဲ့ ဘာသာရေးဆိုင်ရာ Facebook ပို့စ်တွေကြောင့်သာဖြစ်တယ်လို့လည်း သိရပါတယ်။

“သူ့ကို လှိုင်မှာဖမ်းဆီးထားတယ်ဆိုတာဟုတ်မှန်ပါတယ်။ သာသနာတော်ညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ လို့ပြောပါတယ်။ သက်ဆိုင်ရာကလည်း ဖမ်းဆီးထားတာကို မိသားစုကိုအကြောင်းကြားလာပါတယ်။သူနဲ့ သူ့မိသားစုဝင်တွေလည်း လှိုင်ရဲစခန်းမှာ တွေ့ဆုံခွင့်ရပါပြီ။ တွေ့ပြီးပါပြီ။ အစက ကျွန်တော်တို့ လူပျောက်တိုင်ချက်ဖွင့်တုန်းကတော့ သူ့ကိုစခန်းမှာမတွေ့ခဲ့ရပါဘူး။ အခုမှ လှိုင်စခန်းမှာပြန်တွေ့ရတာပါ။အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးပြီး စစ်ဆေးတာတွေလုပ်ပြီးမှ လှိုင်ရဲစခန်းပြန်ပို့တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ သူရုပ်ရှင်ဇာတ်ကားကို ဝေဖန်ခဲ့တဲ့စာထဲမှာတော့ ဘာသာရေးနဲ့ပတ်သက်တာတွေမပါပေမယ့် သူယခင်တင်ခဲ့တဲ့ Facebook ပို့စ်တွေကြောင့်ပဲ သူ့ကိုအခုလိုဖမ်းတယ်လို့ ထင်ပါတယ်။အခု သူ့ကိစ္စတွေနဲ့ပတ်သက်ပြီး သူ့မိသားစုဝင်တွေနဲ့ လိုအပ်တာတွေကို လိုက်လုပ်ပေးဖို့ စီစဉ်နေပါတယ်”လို့ ဖမ်းဆီးထိန်းသိမ်းခံရသူ ဟာဆယ်ယွန်ရဲ့ မိတ်ဆွေသူငယ်ချင်းဖြစ်သူက MT News ကို ပြောပါတယ်။

လက်ရှိမှာ Hal Sal Yon (Facebook)အကောင့်ပိုင်ရှင်ဖြစ်သူ ရှိုင်းထက်အောင်(ခ)ဗွီးထက်ကူးမားကို လှိုင်မြို့နယ်ရဲစခန်းမှာ သာသနာတော်ညိုးနွမ်းစေမှုပုဒ်မ ၂၉၅(က)နဲ့ ဖမ်းဆီးထိန်းသိမ်းပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကိုပြုလုပ်နေတာကိုသိရတယ်လို့လည်း သူရဲ့မိသားစုဝင်တွေက ထပ်လောင်း ပြောပြပါတယ်။

အခုဖမ်းဆီးထိန်းသိမ်းခံရသူ Her Sal Yon Facebook အကောင့်ပိုင်ရှင်ဟာ လူမှုကွန်ရက်‌ပေါ်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ သာသနာကိုညှိုးနွမ်းစေပြီး ဘာသာရေးလှုံ့ဆော်မှုတွေကို ဖြစ်ပွားနိုင်ချေများစွာရှိတဲ့ ဘာသာ‌ရေးဆိုင်ရာအပြောင်အပျက်ပို့စ်တွေများစွာကိုလည်း ပြီးခဲ့တဲ့နှစ်ပိုင်းတွေကစလို့ သူရဲ့ Facebook အကောင့်မှာ ဖြတ်ညှပ်ကပ်မဟုတ်ဘဲ အမှန်တကယ်တင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဒီလိုဘာသာရေးဆိုင်ရာကို ထိခိုက်စေတဲ့ ပို့စ်တွေ အကြောင်းအရာတွေကို Facebook မှာတင်ခဲ့သူ ဟာဆယ်ယွန် ဆိုသူရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာဝေဖန်မှုတွေများစွာ ရှိခဲ့တာလည်းဖြစ်ပါတယ်။

ပုံစာ။ ဗုဒ္ဓဘာသာ​ကို လှောင်ပြောင်စော်ကားသည့်ပို့စ်များကို Her Sal Yon အကောင့်တွင် တင်ထားခဲ့မှု တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *