October 31, 2024

◾️ ဒေါ်လာဈေး ဆွဲတင်နေမှုရှိသော်လည်း ဒေါ်လာ၊ ဘတ်နှင့် ယွမ်များ ဆက်တိုက်ထုတ်ရောင်းပေးခဲ့၍ တစ်ပတ်အတွင်း ဒေါ်လာဈေး ကျပ် ၂၅၀ ပြန်ကျဆင်း

၃၁. ၁၀. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ ထိုင်းဘတ် ၁၅၆ သန်းကျော်၊ ဒေါ်လာ ၉ သန်းခွဲကျော်နှင့် တရုတ်ယွမ် ၂ သန်းကျော် ထပ်မံထုတ်ရောင်း၍ သုံးလအတွင်း ဒေါ်လာ ၂၄၁ သန်းကျော်နှင့် ထိုင်းဘတ် ၉၃၄ သန်းကျော်အထိ ထုတ်ရောင်းပေးထားကြောင်း အောက်တိုဘာ ၃၀ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
 
ဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံမှ အဓိကသွင်းကုန်တင်သွင်းနေသည့် ထိုင်းနှင့် တရုတ်နိုင်ငံများနှင့် မြန်မာကျပ်-ထိုင်းဘတ်၊ မြန်မာကျပ်-တရုတ်ယွမ်တို့ဖြင့် တိုက်ရိုက်ငွေပေးချေနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သလို အဆိုပါနိုင်ငံများမှ သွင်းကုန်များ တင်သွင်းရာတွင် အဆင်ပြေစေရန်အတွက် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ သုံးလအတွင်း ထိုင်းဘတ် ၉၃၄ သန်းနှင့် တရုတ်ယွမ် ၄၂ သန်းနီးပါး ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။
 
အလားတူ ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် စက်သုံးဆီတင်သွင်းမှု အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဗဟိုဘဏ်အနေဖြင့် ဒေါ်လာများကို သန်းနှင့်ချီအလုံးအရင်း ထုတ်ရောင်းပေးခဲသဖြင့် အဆိုပါ သုံးလအတွင်း ဒေါ်လာ ၂၄၁ သန်းအထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၄၅၀၀ အောက်သို့ ပြန်ကျဆင်းလာချိန် ဒေါ်လာဈေးနှုန်း ဆွဲတင်ကာ ရွှေဈေးနှုန်း ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်မှုရှိခဲ့သောကြောင့် အောက်တိုဘာ ၂၄ ရက်တွင် တစ်ဒေါ်လာ ၄၈၀၀ သို့ ပြန်မြင့်တက်ခဲ့သည်။

ဒေါ်လာဈေးနှုန်း ပြန်မြင့်တက်လာသည့်အခြေအနေကြောင့် ရက်အလိုက်စာရင်းသာ ထုတ်ပြန်လေ့ရှိသည့် ဗဟိုဘဏ်အနေဖြင့် ယခုဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁,၀၀၀ ကျော် (ဒေါ်လာတစ်ဘီလျံကျော်) ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း တရားဝင် အသိပေးထုတ်ပြန်ခဲ့သည်။

ဘဏ္ဍာနှစ် ခုနစ်လစာ ထုတ်ရောင်းခဲ့မှုကို ထုတ်ပြန်ခဲ့မှု၊ သီတင်းကျွတ်ရုံးပိတ်မတိုင်မီ နိုင်ငံခြားငွေများ ကြိုတင်ထုတ်ရောင်းပေးခဲ့မှုနှင့် သီတင်းကျွတ်ရုံးပိတ်ရက်အပြီး ရုံးပြန်ဖွင့်ချိန်တွင်လည်း ဒေါ်လာ၊ ဘတ်နှင့် ယွမ်တို့ကို ဆက်တိုက် ထုတ်ရောင်းပေးခဲ့မှုတို့ကြောင့် ယနေ့တွင် ဒေါ်လာဈေး ၄၅၅၀ သို့ ပြန်ကျဆင်းခဲ့၍ ဈေးဆွဲတင်မှုရှိနေသော်လည်း တစ်ပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၂၅၀ ပြန်ကျဆင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *