October 31, 2024

၃၁.၁၀.၂၀၂၄
Written By Zun

ချင်းပြည်နယ်တွင် အာဏာရူးနေသော AA ကို အလိုမရှိဟု ကန်ပက်လက်ဒေသခံများက ဆန္ဒပြခဲ့ကြကြောင်း ချင်းပြည် နယ်ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ယင်းဆန္ဒပြပွဲတွင် “AA အလိုမရှိ၊ ချင်းပြည်က အမြန်ဆုံးထွက်ခွာသွားပါ၊ ချင်းလူမျိုးများ ညီညွတ်ရေး တည်ဆောက်ကြ၊ သွေးကွဲစေသည့် ရခိုင်သားအလိုမရှိ” စသည့် ပိုစတာများကိုင်ဆောင်၍ အောက်တိုဘာလ ၂၆ ရက်က ကန်ပက်လက်မြို့နယ်အတွင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ရခိုင်ကို မလိုတာမဟုတ်ဘူး။ ချင်းပြည်နယ်မှာအာဏာရူးနေတဲ့ AA ကိုအလိုမရှိတာ”ဟု ချင်းဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ချင်းဒေသခံများက AA ကို ခေါ်ခဲ့သည့်အဖွဲ့မှာ ကန်ပက်လက် (CDF)ဖြစ်သောကြောင့် ယင်းအဖွဲ့တွင် တာဝန်ရှိကြောင်း၊ ထို့အတွက်လည်း လူမျိုးရေးပြဿနာမဖြစ်စေရန် လုပ်ဆောင်သင့်ကြောင်းလည်း ပြောဆိုနေကြသည်။

“၂၀၁၅ ခုနှစ်ကတည်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို AA တွေကျူးကျော်ကတည်းက လျစ်လျူမရှုဘဲ ပလက်ဝအရေးဟာ ချင်းအမျိုးသားရေး အရေးဆိုပြီး ဝိုင်းဝန်းဖြေရှင်းမယ်ဆိုရင် ချင်းပြည်နယ်မှာ AA တွေ အဲဒီလောက်တိုးပွားစရာအကြောင်းမရှိဘူး။ ဒါပေမဲ့ ခုတော့ AA ရဲ့ဆိုးမွေမျှဝေခံစားရတာပေါ့”ဟု လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်ကလည်း ချင်းပြည်နယ်အတွင်းက AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ထွက်ခွာသွားပေးရန် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ရောက် ချင်းစစ်ဘေးရှောင်များ ဦးဆောင်၍ ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ကြသေးသည်။

ယင်းဆန္ဒပြပွဲတွင် “ချင်းပြည်နယ်မှ AA ထွက်ခွါပေးရန်”ဟူသော ဗီနိုင်းစာတန်း၊ “ချင်းပြည်ကောင်စီကို ထောက်ခံသည်” ဆိုသော ဗီနိုင်းစာတန်းတို့ကို ကိုင်ဆောင်၍ ကြွေးကြော်ခြင်း၊ ဟောပြောခြင်းတို့ပြုလုပ်ခဲ့ကြကြောင်း MT News က ဖော်ပြခဲ့သေးသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လွန်ခဲ့သော၂၀၁၅ ခုနှစ်၊ နောက်ပိုင်းကပင် AA အဖွဲ့က မင်းမဲ့စရိုက်လက္ခာအပြည့်ဖြင့် ပလက်ဝဒေသတွင်း အဓမ္မ ကျူးကျော်ဝင်ရောက်လာကာ ဒေသခံပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းကြိုးတုပ်ခြင်း၊ လူသားမဆန်စွာရိုက်နှက်ခြင်းနှင့် အာဏာရှင်ဆန်ဆန် ပြည်သူများကို သနားညှာတာမှုမရှိ နည်းလမ်းပေါင်းစုံညှင်းပန်း နှိပ်စက်ခြင်းများဆက်လက်လုပ်ဆောင်နေကြောင်း GKO ကလည်း ထုတ်ပြန်ထားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *