၃၁. ၁၀. ၂၀၂၄
Written by Nyein Kyaw
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကြီးပြီးဆုံးချိန် ဆုတံဆိပ်ဆွတ်ခူးရရှိသည့် အားကစားသမားများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် ဆုချီးမြှင့်ခြင်းအပြင် အလုပ် အကိုင်အခွင့်အလမ်း တိုးမြှင့်ပေးအပ်ခြင်းကိုပါ စီစဉ်ဆောင်ရွက်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် မှာကြားခဲ့သည်။
ပြိုင်ပွဲကြီး ပြီးသွားသည့်အခါတွင်လည်း ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် မိမိတို့ဌာနနှင့် ဒေသအလိုက် ကိုယ်စားပြုပြီး စွမ်းစွမ်းတမံ ပါဝင်ယှဉ်ပြိုင် ဆုတံဆိပ်ဆွတ်ခူးရရှိသည့် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးအပ်ခြင်း စသည်ဖြင့် စီစဉ်ဆောင်ရွက်ပေးပြီး အားပေးသွားကြရန်လိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
ယခုနှစ်တွင် ပြန်လည်ကျင်းပမည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို လာမည့် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ပြီး ပြိုင်ပွဲကျင်းပရန် အချိန်အားဖြင့် တစ်လကျော်ခန့်သာကျန်ရှိသည်။ ပြိုင်ပွဲအခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲများ အဆင့်အတန်းမီမီ ကျင်းပနိုင်ရေးတို့အတွက် ကော်မတီ၊ ဆပ်ကော်မတီများက ပြင်ဆင်ဆောင်ရွက်သွားရန်လည်း SAC ဒုဥက္ကဋ္ဌက မှာကြားခဲ့သည်။
ယခုကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှ လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ(အာဆီယံ) အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများအတွက် အလာအလာရှိသည့် လက်ရွေးစင် အားကစားသမားများ၊ မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ရမည်ဖြစ်ကြောင်းလည်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
အမျိုးသားအားကစားပွဲတော်ကို ယခင်အစိုးရအဆက်ဆက်က ကျင်းပပေးခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ်တိုကို ရန်ကုန်မြို၌ ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်၌ ခမ်းခမ်းနားနား ကျင်းပခဲ့ကာ ယခု ၂၀၂၄ ခုနှစ်တွင် ပဥ္စမအကြိမ်အဖြစ် ခမ်းခမ်းနားနား ကျင်းပသွားမည်ဖြစ်သည်။
၁၀ နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပနိုင်သော ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲတွင် အားကစားနည်း ၆ နည်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အားကစားနည်း ၂၃ နည်းဖြင့် ခန့်မှန်းအားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားကြောင်းလည်း SAC ဒုဥက္ကဋ္ဌက ပြောကြားထားသည်။