October 30, 2024

၃၀. ၁၀. ၂၀၂၄
Written by Nyein Kyaw

ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုရှိသည့် နည်းပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင်မည့် Naypyitaw State Polytechnic University အား လျာထားချက် ကျောင်းသားဦးရေမှ နှစ်အလိုက် တိုးတက်လာနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေအတွက်ပါ ကြိုတင်တွက်ချက် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

ယခု Naypyitaw State Polytechnic University သည် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည့်အတွက် ပရိဝုဏ်အတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် အခြားအထောက်အကူပြုအဆောင်များအားလုံး အဆင့်မီမီဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အဆောက်အဦများထည့်သွင်းတည်ဆောက်ရာတွင် ယခုလက်ခံနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေနှင့် ဆရာ၊ ဆရာမ ဦးရေအရေအတွက်အပြင် ရေရှည်တိုးပွားလာနိုင်သည့် အရေအတွက်များအတွက်လည်း ကြိုတင်တွက်ချက်စဉ်းစား ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ တက္ကသိုလ်ဖွင့်လှစ်ချိန်၌ လျာထားလက်ခံနိုင်မည့် ကျောင်းသားဦးရေမှ နှစ်အလိုက်တိုးတက်လာနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေအပေါ်မူတည်၍ ကျောင်းသား၊ ကျောင်းသူတိုးချဲ့၍ လက်ခံသင်ကြားပေးနိုင်ရေးအတွက်လည်း ကြိုတင်တွက်ချက် ဆောင်ရွက်ထားရှိရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ Naypyitaw State Polytechnic University ပရိဝုဏ်အတွင်းရှိ ပြေးလမ်းအပါ ဘောလုံးကွင်းနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအခြေအနေများ၊ ကျောင်းသားအိပ်ဆောင်၊ ထမင်းစားဆောင်နှင့် အားကစားခန်းမ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းသားစုဝေးခန်းမ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ယာယီစာကြည့်တိုက်နှင့် အထောက်အကူပြုခန်းများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကဏ္ဍတစ်ခုချင်းစီအလိုက် SAC ဥက္ကဋ္ဌက အသေးစိတ် လိုက်လံကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

မြန်မာနိုင်ငံတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုအားကောင်းစေရန်၊ အရည်အသွေးပြည့်မီပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ အားပေးမြှင့်တင်နိုင်ရန် Polytechnic University (၈) ခုကို ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ဩဂုတ်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွင် ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *