October 30, 2024

၃၀.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ခွဲ က မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုခံရပြီးရောက်ရှိနေတဲ့ ဓားစာခံ ၁၁၀ ဦးကို ကယ်တင်နိုင်ဖို့အတွက် ကြိုးစားမှုတွေကိုကူညီရန် အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ခွဲရဲ့ အကြီးအကဲ ရဲချုပ် ဆာရွတ် ကွန်ဆိုဖာက အောက်တိုဘာ ၂၉ ရက်မှာ ပြောခဲ့ပါတယ်။

ရဲချုပ် ဆာရွတ် ကွန်ဆိုဖာက ဒီကိစ္စအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ခွဲက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံရှိ ထိုင်းသံရုံးမှ ရဲသံမှူးနဲ့ နယ်စပ်မြို့နယ်ကော်မတီဥက္ကဋ္ဌတို့နဲ့အတူ ဓားစာခံတွေကို ကယ်တင်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေကြတယ်လို့ ဆိုခဲ့ပါတယ်။

လူကုန်ကူးမှုခံရခြင်း ဓားစာခံများအားအထောက်အပံ့ပြုရေးအတွက် မြို့ပြလူမှုအဖွဲ့အစည်းကွန်ရက်တစ်ခုရဲ့ အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်မှာပြုလုပ်ခဲ့ပြီးတဲ့နောက် ခုလိုဆောင်ရွက်မယ်လို့ ပြောကြားချက် ထွက်ပေါ်လာတာပါပဲ။ ဒီအစည်းအဝေးက ထိုင်းဝန်ကြီးချုပ် မစ္စက် ပေတုံတန်ဆီကို အပြင်သက်ဆိုင်ရာအဖွဲ့ တွေနဲ့ နိုင်ငံကိုးနိုင်ငံကသံရုံးတွေကိုလည်း လူကုန်ကူးခံရသူ ဓားစာခံ ၁၁၀ ဦးလွတ်မြောက်ရေးမှာ ကူညီဆောင်ရွက်ကြဖို့ အိတ်ဖွင့်ပေးစာတွေပေးပို့ခဲ့ပါတယ်။

ရဲချုပ် ဆာရွတ် ကွန်ဆိုဖာက ဓားစာခံတွေထဲက ကယ်တင်ခံရပြီး ထိုင်းနိုင်ငံကို ပြန်လည်ခေါ်ဆောင်လာမယ့်နိုင်ငံခြားသားတွေနဲ့ပတ်သက်လို့ သူတို့​ဟာ မည်သူမည်ဝါဖြစ်တယ်သိနိုင်ဖို့၊ ကာကွယ်မှုပေးနိုင်ဖို့နဲ့ အကူအညီပေးနိုင်ဖို့ ထိုင်းနိုင်ငံရဲ့ပြန်လည်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ် အစီအစဉ်အရ စစ်ဆေးမေးမြန်းမှုကိုခံယူရမယ်လို့ပြောခဲ့ပါတယ်။

လူကုန်ကူးမှုခံရခြင်း ဓားစာခံများအား အထောက်အပံ့ပြုရေးအတွက် မြို့ပြလူမှုကွန်ရက်ကလည်း နိုင်ငံကိုးနိုင်ငံမှ ဓားစာခံတွေဟာ တရုတ်ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ လှည့်ဖြားမှုကိုခံခဲ့ကြရပြီး မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်သူတွေအနေနဲ့ လုပ်ဆောင်ဖို့ အတင်းအကြပ်စေခိုင်းခံခဲ့ရတာလို့ ပြောခဲ့ပါတယ်။

မြို့ပြလူမှုအဖွဲ့အစည်းကွန်ရက်က အလားတူစာတွေကို မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက ကရင် နယ်ခြားစောင့်တပ်ဖွဲ့(BGF)နဲ့ DKBA ကရင်တပ်ဖွဲ့တွေအပါအဝင် မြန်မာနိုင်ငံရဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေဆီကိုလည်း ပို့ခဲ့တယ်လို့ သိရပါတယ်။

ထိုကွန်ရက်က ဖိလစ်ပိုင်နိုင်ငံသား ၃၆ ဦးနဲ့ မော်ရိုကိုနိုင်ငံသားတစ်ဦးတို့ဟာ BGF တပ်ဖွဲ့ထိန်းချုပ်ထားတဲ့နယ်မြေအတွင်း ဖမ်းဆီးခံထားရပြီး အခြားနိုင်ငံတွေက ၇၃ ဦးဟာလည်း BGF နယ်မြေအတွင်းမှာပဲ ရှိနေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြို့ပြလူမှုအဖွဲ့အစည်းကွန်ရက်က တရုတ်လူမျိုးတွေခေါင်းဆောင်တဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတစ်ခုဟာ လစာငွေများတဲ့ အလုပ်တွေကိုရနိုင်တယ်လို့ ထိုင်းနိုင်ငံအတွင်း လူမှုကွန်ရက်ကို အသုံးပြုပြီး ကမ်းလှမ်းခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီမှာ ဓားစာခံတွေဟာ တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ကတစ်ဆင့် မြန်မာနယ်စပ်ကိုဖြတ်ကျော်ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်ခဲ့ကြတာပါ။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *