◾ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ အတူ ပျောက်ဆုံးကလေးငယ်ကို လိုက်လံရှာဖွေနေ
၃ဝ.၁ဝ.၂ဝ၂၄
Written by K Pyay Thein
ရန်ကုန်မြို့မှာတည်ရှိတဲ့ ဗဟိုအမျိုးသမီးဆေးရုံကနေ မွေးခါစ ၅ ရက်သားသာ ရှိသေးတဲ့ ကလေးငယ်တစ်ဦး ခိုးယူခံရမှုဖြစ်စဉ်တစ်ခု ဒီနေ့ အောက်တို ဘာ ၃ဝ ရက် နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ဟုတ်ပါတယ်။ ကလေးအခိုးခံလိုက်ရတာပါ။ ဆေးရုံတက်ရင်းနဲ့ ဖြစ်သွားတာပါ။ အခု ကလေးကိုခေါ်သွားတယ်ဆိုတဲ့သူရဲ့ နေရာကိုသိရလို့ အဲ့ကိုရဲတပ်ဖွဲ့နဲ့အတူ လိုက်ကြည့်နေပါတယ်။ ကျန်တာတော့ အတိအကျပြောလို့မရသေးပါဘူး”လို့ အခိုးခံခဲ့ရတဲ့ ကလေးငယ်ရဲ့ မိသားစုဝင်တစ်ဦးက MT News သို့ ပြောပြပါတယ်။
အခု ခိုးယူသွားခံရတယ်လို့ဆိုတဲ့ ကလေးငယ်ဟာ ၅ ရက်သားလောက်သာရှိသေးတဲ့ မွေးခါစကလေးငယ်တစ်ဦးဖြစ်ပြီး ဗဟိုအမျိုးသမီးဆေးရုံကနေ ယနေ့ မနက် ၄ နာရီကျော်လောက်မှာ ခိုးယူခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကလေးခိုးယူသူလို့ယူဆရတဲ့ သူတွေက Taxi အငှားယာဉ်တစ်စီးနဲ့ ထွက်သွားတာကို မြင်လိုက်တယ်လို့ ဆေးရုံဂိတ်စောင့် လုံခြုံရေးတစ်ဦးက ပြောပြလာတဲ့အတွက် လက်ရှိမှာသက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အတူ မိသားစုဝင်တွေက ကလေးငယ်ရဲ့တည်နေရာကို လိုက်လံရှာဖွေနေတယ်လို့လည်း သိရပါတယ်။
“ကလေးအမေကလည်း အခု အရူးမီးဝိုင်းသလိုဖြစ်နေတယ်။ ကျွန်တော်တို့ ကလေးငယ်ကို လိုက်လံပြီးတော့ရှာဖွေနေပါတယ်”လို့ ကလေးငယ်ရဲ့မိသားစုဝင်တစ်ဦးက ထပ်လောင်းပြောပြခဲ့ပါတယ်။
Photo – CJ