October 30, 2024

၃၀. ၁၀. ၂၀၂၄
Written by Nyein Kyaw

နိုဝင်ဘာလအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းထုတ်ပြန်ရာတွင် အဓိက ပြည်တွင်းစားဆန်ဈေးနှုန်းများ ပြောင်းလဲမှုမရှိဘဲ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိသည့် ဆန်အမျိုးအစားတချို့ ကျပ် ၂၀၀၀ ဝန်းကျင် ကျဆင်းခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်းဈေးနှုန်းအရ သိရသည်။

၁၀၈ ပေါင်/ ၂၄ ပြည် ဆန်တစ်အိတ် ဈေးနှုန်းသတ်မှတ်ချက်အရ ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁ ၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)အတွက် ၂၅ မှတ်ဆန် တစ်အိတ် ကျပ် ၇၃,၀၀၀၊ ၂၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၁,၀၀၀၊ ၁၅ မှတ်ဆန်တစ်အိတ် ကျပ် ၇၆,၀၀၀ ၊ ၁၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၃,၀၀၀ ၊ ၁၀-၅ မှတ်ဆန် တစ်အိတ် ကျပ် ၇၈,၀၀၀ ၊ ၁၀-၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၅,၀၀၀ သတ်မှတ်ထားသည်။

ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိသော အရည်သွေးအသင့်တင့်ရှိသော ဆန်အမျိုးအစား တစ်အိတ်ကို ကျပ် ၈၅,၀၀၀ ဖြင့် အောက်တိုဘာလထက် ကျပ် ၂၀၀၀ ကျဆင်းခဲ့သလို မြန်မာပြည်အောက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအရည်သွေးကောင်မွန်သည့် ပြည်တွင်းစားဆန်အမျိုးအစားများကိုလည်း တစ်အိတ် ကျပ် ၉၇,၀၀၀ သတ်မှတ်ခဲ့၍ အောက်တိုဘာလထက် ကျပ် ၁၀၀၀ ကျဆင်းခဲ့သည်။

စားသုံးမှုအထူးကောင်းမွန်သော ဆန်အမျိုးအစားများကိုမူ ၁၃၃,၀၀၀ ဖြင့် အောက်တိုဘာလအတိုင်း သတ်မှတ်ခဲ့ပြီး ပေါ်ဆန်းဆန်ဈေးနှုန်းများသည်လည်း အမျိုးအစားအပေါ်မူတည်ကာ တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀ မှ ၁၄၅,၀၀၀ ကြား သတ်မှတ်ခဲ့ကာ အောက်တိုဘာလ ဈေးနှုန်းအတိုင်း ဆက်လက်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အလားတူ ဈေးအရောင်းစင်တာ (Super Market၊ Mini Market) များတွင် Consumer Packaging ဖြင့် ရောင်းချမှုအတွက် ဆန်ဈေးနှုန်းအားလုံးကို အောက်တိုဘာလအတိုင်း သတ်မှတ်ပေးခဲ့သည့်အပြင် ဆန်လုံးညိုအမျိုးအစား ၃ မျိုးကိုပါ ဈေးဝယ်စင်တာများတွင် ဝယ်ယူနိုင်အောင် တစ်ကီလိုဂရမ်ဈေးနှုန်းများ ထပ်တိုးသတ်မှတ်ပေးခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချမှု အနည်းငယ်သာရှိသည့် ရှမ်းဆန်၊ ကောက်ညှင်းဆန်များ၊ ရေကြည်ပေါ်ဆန်း၊ ဘာစမာတီဆန်၊ နမာ့သလေးဆန်၊ ခေါက်နမ်းခမ်းဆန်၊ ဆန်နီ၊ ဆန်ညို (Rice Berry)၊ ပေါင်းဆန်၊ စံပယ်ဆန်မွှေး (Jasmine)နှင့် ပြည်တွင်းစားဆန် တောင်ပျံတို့အတွက်ပါ တစ်ကီလိုဂရမ်ဈေးနှုန်းများ ထုတ်ပြန်ပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဈေးကွက်အတွင်းရောင်းချရာတွင် အထက်ဖော်ပြပါ သင့်တင့်မျှတသော ရည်ညွှန်းဈေးများအပေါ် ၈% ထက်ပို၍ ရောင်းချခြင်း မပြုရန် သတိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *