October 30, 2024

◾️ အလှူငွေလှူဒါန်းလိုသော ဘုရားဖူးတွေအနေနဲ့ ဘုရားကျောင်းသို့သာ ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းနိုင်ပြီး အွန်လိုင်းကနေ ငွေလွှဲလှူဒါန်းတာတွေ မပြုလုပ်ကြဖို့ ဘုရားကျောင်းဂေါပကအဖွဲ့က မေတ္တာရပ်ခံ

၃ဝ.‌၁ဝ.၂ဝ၂၄
Written by K Pyay Thein

ရန်ကုန်တိုင်း၊ သန်လျင်ကျောက်တန်းဒေသအတွင်းမှာတည်ရှိတဲ့ နာမည်ကျော် ဆုတောင်းပြည့် ပီလခတ်ဘုရားကျောင်းက
Wave Pay ၊ K Pay တို့နဲ့ အလှူငွေလက်ခံတာမျိုးတွေကို မပြုလုပ်ဘူးလို့ သတင်းထုတ်ပြန်ထားပြီး အလှူငွေလှူဒါန်းလိုသော ဘုရားဖူးတွေအနေနဲ့ ဘုရားကျောင်းသို့သာ ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းကြဖို့ ဘုရားကျောင်းဂေါပကအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် အွန်လိုင်းကနေ ငွေလွှဲလှူဒါန်းတာတွေမပြုလုပ်ဖို့ကိုလည်း ဘုရားကျောင်းဘက်ကနေ အသိပေးထားပါတယ်။

“ပီလခတ်ကျောင်းကို အချို့ဘုရားဖူးတွေက K Pay နဲ့ပိုက်ဆံလွှဲချင်တယ်။ Wave Pay နဲ့ လွှဲပေးချင်တယ်။ လှူချင်တယ်။ ဖုန်းနံပါတ်လေးရှိရင်ပေးပါ။ ဖုန်းနံပါတ်နဲ့လွှဲပါလို့ မေးတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ နည်းနည်းပြောပြချင်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် ပီလခတ်ဘုရားကျောင်းဟာ K Pay ၊ Wave Pay
အကောင့်တွေ လုံးဝမရှိပါဘူး။ ဖုန်းနံပါတ်နဲ့ ပိုက်ဆံလွှဲခိုင်းတာမျိုးလည်း လုံး၀မရှိပါဘူး။ ကျွန်တော်တို့ ပီလခတ်ဘုရားကျောင်းကို (၇)ရက်သားသမီးတွေက အလှူငွေလှူဒါန်းလိုရင် ဘုရားကျောင်းကိုလာပါ။ မယ်တော်ကျောင်းမှာ မိမိလှူချင်တဲ့အလှူငွေကိုလှူပါ။ ပြီးရင် အလှူခံဖြတ်ပိုင်းကိုယူပါ။ အရှေ့မှာဆို မဟာမင်းကြီးကျောင်းမှာလည်း အလှူ‌ငွေကောင်တာရှိပါတယ်။ အဲ့မှာလည်း အလှူငွေလှူဒါန်းလို့ရပါတယ်။ အလှူ‌ငွေလှူပြီးရင် အလှူခံဖြတ်ပိုင်းတွေ ရယူပါ။ ဒီနည်းကလွဲလို့ ဘုရားကျောင်းက အွန်လိုင်းကနေ အလှူငွေလက်ခံတာတွေကို မလုပ်ပါဘူး။ ဘုရား‌‌ကျောင်းကလွဲပြီး အခြားနေရာမှာ လှူလို့ရတဲ့နေရာတွေလည်းလုံး၀မရှိပါဘူး”လို့ ပီလခတ်ဘုရားကျောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ပီလခတ်ဘုရားကျောင်းဂေါပကအဖွဲ့ဝင် တာဝန်ရှိသူတွေတောင် အွန်လိုင်း Mobile Baking တွေကနေ ငွေလွဲလှူဒါန်းတာတွေကိုတောင် ပြုလုပ်ခွင့် ပြောခွင့်မရှိဘူးလို့လည်း သူက ဆိုပါတယ်။

“ကျွန်တော်တို့လို ဘုရားကျောင်းတာ၀န်ရှိတဲ့သူတွေတောင်မှ ဖုန်းနံပါတ်တောင်းပြီးတော့ ပိုက်ဆံလွှဲခွင့်မရှိပါဘူး။ ကျွန်တော်တို့ ဒါက တာဝန်ရှိသူတွေ အထူးသတိပြုဖို့ပါ။ ဖုန်းကနေပိုက်ဆံလှူဖို့ ဒါမျိုးတွေ လုံးလုံးပြောခွင့်မရှိပါဘူး။ (၇) ရက်သားသမီးတွေမည်သူမဆို ပီလခတ်ဘုရားကျောင်းကို အလှူငွေလှူလိုတယ်ဆိုရင် ဘုရားကျောင်းကိုပဲ တိုက်ရိုက်လာရောက်ပြီးလှူပေးကြပါ”လို့ သူက ထပ်လောင်းပြောပြပါတယ်။

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကျောက်တန်းဒေသအတွင်းမှာရှိတဲ့ နာမည်ကျော်ပီလခတ်ဘုရားကျောင်းဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ ရှေးဟောင်းဘုရားကျောင်းတစ်ခုဖြစ်ပြီး ဆုတောင်းပြည့်တယ်ဆိုတဲ့ ယုံကြည်ကိုးကွယ်မှုနဲ့အတူ ဟိန္ဒူဘာသာဝင်တွေ အပါအဝင် အနယ်နယ်အရပ်ရပ်က အခြားသောဘာသာဝင်တွေပါ နေ့စဉ်နဲ့အမျှ လာရောက်ဝတ်ပြုဆုတောင်းကြတဲ့ ဟိန္ဒူရိုးရာဘုရားကျောင်းတစ်ခုလည်းဖြစ်ပါတယ်။

#ပီလခတ် #ဘုရားကျောင်း #ဟိန္ဒူဘာသာဝင် #သန်လျင်ကျောက်တန်းဒေသ #အလှူငွေ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *