October 30, 2024

၃၀.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ကုလသမဂ္ဂအဖွဲ့၊ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့က မြန်မာနိုင်ငံအတွင်း တငွေ့ငွေ့ကြာရှည်ဖြစ်ပွားနေရတဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံးအနေနဲ့ လုံးဝအနိုင်ယူလိုစိတ်သဘောထားကျင့်သုံးနေမှုကို ရှုတ်ချမှုပြုခဲ့ပြီး အကြမ်းဖက်မှုတွေကို ရပ်တန့်ကြခြင်းကသာ ပြန်လည်ရင်ကြားစေ့သင့်မြတ်မှုကို ဖြစ်နိုင်ကြစေမယ်လို့ အောက်တိုဘာလ ၂၉ ရက်က ပြောကြားခဲ့ပါတယ်။

ဧပြီလမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးခံရပြီးတဲ့နောက် ဂျူလီ ဘိရှော့က ကုလသမဂ္ဂ အထွေထွေညီလာခံကော်မတီကို ပထမဆုံးပြောကြားတဲ့မိန့်ခွန်းမှာ ဒီလို ထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရဲ့အာဏာကို ထိန်းသိမ်းခဲ့ချိန်ကစလို့ နိုင်ငံတစ်ဝန်းမှာ လူမျိုးစုလက်နက်ကိုင်အုပ်စုတွေက အရှိန်မြှင့်တိုက်ခိုက်လာတာကို ၂၀၂၃ ခုနှစ်မှာတော့ အထူးရင်ဆိုင်တွေ့ကြုံခဲ့ရပါတယ်။ အထူးသဖြင့်တော့ မြောက်ပိုင်းမဟာမိတ်ခေါ်တဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်လာကြခြင်းပါ။

ဂျူလီဘိရှော့က “မြန်မာ့ပဋိပက္ခမှာ ပါဝင်နေသူတွေက လုံးဝအနိုင်ရရေးဆိုတဲ့သဘောထားနဲ့ တိုက်ခိုက်နေကြတာ တွေ့ရတယ်။ လက်နက်ကိုင်တိုက်ပွဲတွေ နိုင်ငံတစ်ဝန်းလို ဖြစ်ပွားနေချိန်မှာ ဒီလိုသဘောထားမျိုးထားကြတာက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ရာမှာ တိုးတက်မှုမဖြစ်စလောက်သာရနိုင်တယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် သူက “ပြန်လည်သင့်မြတ်ရင်ကြားစေ့ကြဖို့ရာမှာ လိုအပ်တဲ့ လမ်းကြောင်းက အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းဖို့၊ တာဝန်ခံမှုရှိဖို့နဲ့ ကုလသမဂ္ဂနဲ့ သူ့ရဲ့မိတ်ဖက်အဖွဲ့တွေအတွက် လွတ်လပ်တဲ့ ဝင်ရောက်ခွင့်ပေးဖို့တို့ လိုပါတယ်” လို့ ဆက်လက် ပြောခဲ့ပါသေးတယ်။

အထူးသဖြင့် ဘင်္ဂါလီအုပ်စုတွေလို ဘေးဖယ်ခံထားရတဲ့ အုပ်စုတွေအတွက် ဂျိုလီက ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ဂျိုလီက “မြန်မာပဋိပက္ခက မေ့လျော့ခံနေရတဲ့ အကျပ်အတည်းအဖြစ် အန္တရာယ်ရှိလာနေတယ်။ မြန်မာပြည်သူတွေမှာတော့ ဆင်းရဲဒုက္ခတွေအများကြီးခံစားလာနေရတယ်” လို့လည်း ပြောသွားပါတယ်။

ဂျိုလီ ဘိရှော့က အရင်က ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ပဋိပက္ခကြောင့် မြန်မာနိုင်ငံမှာ တစ်ခါမှ မကြုံဖူးတဲ့ ဆင်းရဲဒုက္ခအခြေအနေအဆင့်ကို ရင်ဆိုင်နေကြပြီး ပြည်သူ ၃ ဒသမ ၄ သန်းလောက် စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာပြေးနေကြရတယ်လို့လည်း သူက အလေးထားပြောခဲ့ပါတယ်။

ဂျိုလီ က မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ဖူးပြီး မြန်မာအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါ့ပြင် လူမျိုးစု လက်နက်ကိုင်သူပုန်အုပ်စုခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေအပြင် ထောင်ကျနေတဲ့ အရင်အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့ခဲ့ဖူးပါတယ်။

Ref- Business Times

Leave a Reply

Your email address will not be published. Required fields are marked *