October 30, 2024

၃၀. ၁၀. ၂၀၂၄
Written by Nyein Kyaw

တန်ဆောင်တိုင်အကြို ပြည်တွင်းဖြစ် ပဲဆီနှင့်နှမ်းဆီ ဈေးရောင်းပွဲတော်ကို လာမည့် နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် မန္တလေးမြို့၊ ၇၈ လမ်းရှိ ရတနာပုံစူပါစင်တာ ပရိုမိုးရှင်းဧရိယာတွင် ပြုသွားမည်ဖြစ်သည့်အပြင် ပိဿာချိန်များများဝယ်ယူသူများကို ပို့‌ဆောင်ခအခမဲ့ဖြင့် အိမ်အ‌ရောက်ပို့ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ သိရသည်။

“ပဲဆီအစစ်၊ နှမ်းဆီအစစ်ဖြစ်မယ်။ အဲဒီမှာရောင်းတဲ့ ဆီစက်တွေအကုန်လုံးက FDA လက်မှတ် ရပြီးသားဖြစ်မယ်။ အရင်းတိုင်းရောင်းမှာ။ ပဲဆီအစစ်၊ နှမ်းဆီအစစ်တွေကို ဈေးကွက်မှာ သူတို့ဝယ်နေရတာက တစ်ပိဿာ ၂၀,၀၀၀ ဝန်းကျင်လောက်နဲ့ ဝယ်နေရတာ။ ပွဲတော်မှာက တစ်ပိဿာ ၁၆,၀၀၀ ဆိုတာက ပုလင်း၊ ဘူးပါ ပါပြီးသားပေါ့။ အဲဒီနေ့မှာ လာဝယ်ရင် ၁၆,၀၀၀ နဲ့ ပါးစပ်က ရွတ်သလောက်ပမာဏရမယ်။ ကြိုက်သလောက် ဝယ်လို့ရတယ်” ဟု မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် မန္တလေးမြို့တွင်း နေထိုင်သူများဖြစ်ပါက ၁၀ ပိဿာအထက် ဝယ်ယူလျှင် ပို့ဆောင်ခအခမဲ့ဖြင့် အိမ်အရောက်ပို့ပေးသွားမည်ဖြစ်သည့်အပြင် ငွေပေးချေမှုကိုလည်း ငွေသားအပြင် K-Pay ဖြင့် ဝယ်ယူနိုင်အောင်ပါ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

“မန္တလေးမြို့တွင်းက ၁၀ ပိဿာ အောက်လည်း ပို့ပေးတယ်။ ဥပမာ ၅ ပိဿာလောက်ဆိုရင်လည်း ပို့ပေးတယ်။ ဒါပေမဲ့ သူ့ကြတော့ အခြားဟာတွေရော လေးငါးဦးစောင့်ပြီး ပို့ပေးမှာမို့ နည်းနည်းကြာမယ့်သဘောပါ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းအနေဖြင့် ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)အရှေ့၌ ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်မှ ၄ ရက်အထိ တစ်ကြိမ်၊ သီတင်းကျွတ်ဈေးရောင်းပွဲတော်အဖြစ် အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ရောင်းချပေးထားပြီးဖြစ်သည်။ ယခုတန်ဆောင်တိုင်အကြိုအဖြစ် မန္တလေးမြို့တွင် စီစဉ်ရောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ- ရန်ကုန်မြို့ရှိ UMFCCI အရှေ့တွင် ပြုလုပ်ခဲ့သော ပဲဆီ၊ နှမ်းဆီ ဈေးရောင်းပွဲတော်ကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *