October 30, 2024

၃၀. ၁၀. ၂၀၂၄
Written by Thettant

ရွှေရောင်းချသူများအနေဖြင့် လုပ်ငန်းလိုင်စင်ပြန်လည်လျှောက်ထားရယူရမည်ဖြစ်ပြီး သတ်မှတ်ချက်မလိုက်နာပါက ထောင်သုံးနှစ်အထိ ချမှတ်နိုင်သည့်အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူမည်ဟု သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယနေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် (၂၄-၁၀-၂၀၂၄) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၂၄ ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မ ပုဒ်မခွဲ(ဂ) အရ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ် ကြေညာပြီး ယင်းဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်း သတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို ဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား အပ်နှင်းခဲ့သဖြင့် ဝန်ကြီးဌာနက ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်သည့် အမိန့်ကို (၂၅-၁၀-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၀၃၈/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါအမိန့်ကြော်ငြာစာအရ ဓာတ်သတ္တု(ရွှေ) ရောင်း ဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ဓာတ်သတ္တု ရွှေ၊ ရောင်းခြင်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက (၂၅-၁၀- ၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် ၀၅၅/၂၀၂၄ နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

လူမှုကွန်ရက်တွင် အောက်တိုဘာ ၂၄ ရက်မှစတင်၍ ဒေါ်လာစျေးဆွဲတင်ပြီး ရွှေစျေးကို ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်မည်ဟု ကောလာဟလဖြန့်ဝေမှုများကြောင့် ရွှေနှင့်ဒေါ်လာ စျေးတစ်ပြိုင်နက် ဆွဲတင်နေချိန်တွင် ယခင်က သတ်မှတ်ရန် နှောင့်နှေးနေသည့် ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် အောက်တိုဘာ ၂၅ ရက်တွင် စတင် သတ်မှတ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၀ ရက်က ပြဋ္ဌာန်းခဲ့သော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးကြီးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့် ကုန်ပစ္စည်းနှင့် လုပ်ငန်းများကို ရောင်းဝယ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်ရာတွင် တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့် စသည်တို့ကို ချိုးဖောက်ပါက ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေကျပ် ငါးသိန်းထက် မပိုသောဒဏ်ငွေကိုပါ ချမှတ်ခြင်းခံရနိုင်ကြောင်း သိရပြီး ယခုကဲ့သို့ ရွှေကိုအရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် ရွှေစျေးကစားသူများ ဖမ်းမိခြင်းနှင့် သတ်မှတ်စည်းမျဥ်းများလိုက်နာခြင်းမရှိပါက အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးခြင်း ခံရတော့မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *