၂၉.၁၀.၂၀၂၄
Written By Zun
ရှမ်းပြည်နယ်၊ လားရှိုးမြို့ကို ယနေ့ အောက်တိုဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီခန့်အချိန်တွင် တပ်မတော်က လေကြောင်းမှ ဗုံး နှစ်ကြိမ် ကြဲချခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
တိုက်လေယာဉ်ဖြင့် ပေါင်ချိန်များသည့် ဗုံး ၃ လုံး ဗုံးကြဲချမှုကြောင့် လားရှိုးမြို့ ရပ်ကွက် (၁၁) ဂေါက်ကွင်း အနီးရှိ လူနေရပ်ကွက်နှင့် ရပ်ကွက် (၁) ရှိ MNDAA လက်နက်ကိုင်များစီးနင်းအခြေချရာ သာသနာ ၂၅၀၀ ဘုရားတို့တွင် ထိခိုက်ပျက်စီးကာ ဒေသခံတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ ယင်းအပြင် ဘုရားကျောင်းများနှင့် လမ်းဘေးရှိ လျှပ်စစ်ဓာတ်ကြိုး၊ အ ဆောက်အဦများ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက် ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်နေသည့်မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကိုကာကွယ်ရန်အတွက် ပြည်သူတို့၏နေအိမ်အဆောက်အဦများ၊ အရပ်ဘက် အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကိုအသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေးယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများကိုလုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းကြောင့် တပ်မတော်အနေဖြင့်နိုင်ငံတော်၏အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့်အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြောကြားထားပြီးဖြစ်သည်။
ထို့နောက် အကြမ်းဖက်အဖြစ်သတ်မှတ်ထားသည့် အဖွဲ့အစည်းများအခြေစိုက်စခန်းများဖြစ်သည့် ဘာသာရေးနှင့်စသင်ကျောင်းများ၊ ရုံးများ၊ ဂေါက်ကွင်းများ၊ လူနေရပ်ကွက်များအတွင်းမှ ယခင်ပြည်သူ့စစ်တို့နေအိမ်များ စသည့်နေရာများကို သတင်းရရှိမှုအပေါ်မူတည်၍ တုံ့ပြန်တိုက်ခိုက်မှုပြုခဲ့သည်။
“သူတို့(ကိုးကန့်)တွေမရှိတော့မှ ဗုံးကြဲတာ ရပ်သွားမယ်ထင်တယ်။ အခုက မပြီးနိုင် မစီးနိုင် အရီးမြိုင် ဆိုသလို ဖြစ်နေပြီ။ အိမ်ပြန်ချင်တာလည်း မပြန်ရဘူး”ဟု ရန်ကုန်ရောက် လားရှိုးမြို့ခံတစ်ဦးက MT News ကို ပြောသည်။
ထို့အပြင် လူမှုကွန်ရက် သုံးစွဲသူအချို့ကလည်း လားရှိုးမြို့မှ ပြည်သူပြည်သားများအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်သူပုန်များရှိသည့်နေရာတွင် မနေကြရန် ပြောဆိုရေးသားနေကြသည်ကိုလည်း တွေ့ရသည်။
MNDAA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီးနောက် ယင်းတို့ သိမ်းပိုက်အခြေစိုက်နေသော လားရှိုးမြို့ကို ဗုံးကြဲခံရသည်မှာ အကြိမ် ၃၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။