◾ လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူ ဟာဆယ်ယွန်ကို ပြန်ရှာမတွေ့သေးဘဲ မိသားစုဝင်တွေက ရဲစခန်းမှာ တိုင်ချက်ဖွင့်ထား
◾ လူမှုကွန်ရက်တွင် ပျံ့နှံနေသောပို့စ်ပါ Screenshot များမှာလည်း ဖြတ်ညှပ်ကပ်မဟုတ်ဘဲ Her Sal Yon အကောင့်တွင် တင်ထားသည်များသာဖြစ်နေ
၂၉.၁ဝ.၂ဝ၂၄
Written by K Pyay Thein
ပျောက်ဆုံးနေသူ ဟာဆယ်ယွန်အနေနဲ့ ဂျစ်ကားစီးဖူးသလား “ဂျားကစ်စာဘူးသရီး” ရုပ်ရှင်ဇာတ်ကားကြီးကို လူမျိုးတစ်ခုရဲ့ယဉ်ကျေးမှုအရသာ ဝေဖန်ခဲ့ခြင်းဖြစ်ပြီး ကျန်တဲ့ရည်ရွယ်ချက်မျိုးတော့ သူ့မှာမရှိခဲ့ဘူးလို့ ဟာဆယ်ယွန်မိသားစုအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိအချိန်အထိ ဟာဆယ်ယွန်ကို ပြန်ရှာမတွေ့သေးဘဲ မိသားစုဝင်တွေက ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်လို့လည်း သိရပါတယ်။
“စုံစမ်းနေတုန်းပါပဲ။ ရဲစခန်းမှာတော့ အမှုဖွင့်ထားပါတယ်။သူသွားတတ်လာတတ်တဲ့ နေရာတွေမှာလည်း မတွေ့ရဘူး။သူက လှိုင်မှာနေတာပါ။ ပျောက်တာက အင်းစိန်မှာပျောက်တာပါ။ မိသားစုဘက်ကတော့ စခန်းမှာအမှုဖွင့်ထားတယ်၊လူပျောက်ရှာတယ်ပေါ့။ ဒီနေ့အထိ ပြန်မတွေ့သေးပါဘူး။ကျွန်တော်တို့လည်း သတင်းတိတိကျကျဘာမှမရသေးပါဘူး”လို့ ပျောက်ဆုံးနေသူ ဟာဆယ်ယွန်ရဲ့ မိတ်ဆွေတစ်ဦးဖြစ်သူက ပြောပြပါတယ်။
ဂျစ်ကားစီးဖူးသလား “ဂျားကစ် စာဘူးသရီး”ရုပ်ရှင်ဇာတ်ကားကိုဝေဖန်ခဲ့တဲ့ ပျောက်ဆုံးနေသူ ဟာဆယ်ယွန်အနေနဲ့ ဗုဒ္ဓဘာသာဝင်ဟိန္ဒူလူမျိုးတစ်ဦးဖြစ်တယ်လို့ ဆိုပြီး သူဟာအခြားသော လူမျိုးရေး၊ ဘာသာရေးတို့ကိုလှုံ့ဆော်ပြီး ယခုရုပ်ရှင်ကိုဝေဖန်ခဲ့တာမဟုတ်ဘူးလို့လည်း ဟာဆယ်ယွန်ရဲ့မိသားစုအသိုင်းအဝိုင်းတွေက ပြောပါတယ်။
“သူက ဗုဒ္ဓဘာသာဟိန္ဒူလူမျိုးပါ။ လိုင်းပေါ်မှာပျံ့နှံ့နေသလိုမျိုးတော့မဟုတ်ပါဘူး။ အခုပျံ့ နေတာက သူရဲ့ပို့စ်တွေကို ဖြတ်ညှပ်ကတ်လုပ်ထားကြတာပါ။ သူကဟိန္ဒူဆိုတော့ ရုတ်တရက်ကြည့်လိုက်ရင် သူပုံက အခြားဘာသာ ခြားပုံစံလို ဖြစ်နေတာလည်းပါပါတယ်။ အဲ့လိုပုံစံနဲ့လုပ်ထားကြတာပါ။ သူ့မှာနိုင်ငံရေး၊ ဘာသာရေးလှုံ့ဆော်တဲ့ ရည်ရွယ်ချက်မျိုးမရှိပါဘူး”လို့ သူက MT News ကိုဆက်ပြီး ပြောပြပါတယ်။
ဟာဆယ်ယွန်ဟာ ဗုဒ္ဓဘာသာကိုစော်ကားတယ်ဆိုပြီး ပို့စ်တချို့ ပျံနှံ့နေတာတွေကို MT News က စိစစ်ကြည့်တဲ့အခါမှာ လက်ရှိ ပျံ့နှံ့နေတဲ့ Screenshot တွေက ဖြတ်ညှပ်ကပ်လုပ်ထားတာမဟုတ်ဘဲ သူအသုံးပြုတဲ့ Her Sal Yon အကောင့်မှာ အမှန်တကယ်တင်ထားတာကိုလည်း တွေ့ရှိရပါတယ်။
ယခုပျောက်ဆုံးနေသူရဲ့မိသားစုဝင်တွေရဲ့ပြောကြားချက်အရ ဂျစ်ကားစီးဖူးသလား “ဂျားကစ် စာဘူးသရီး” ရုပ်ရှင်နဲ့ပတ်သက်လို့ အောက်တိုဘာ ၂၄ ရက်နေ့က ကိုဟာဆယ်ယွန်က Social Media မှာ စတင်ရှုတ်ချခဲ့ပြီး အကြောင်းရင်းကတော့ ဇာတ်ကားနာမည် ဇာတ်ကားထဲဝတ်ဆင်ထားတဲ့ ဟိန္ဒူရိုးရာဝတ်စုံတို့က ရိုးရာယဥ်ကျေးမှုကိုပျက်ရယ်ပြုစော်ကားသလိုဖြစ်နေတယ်လို့ ရှုတ်ချထားတာဖြစ်ပါတယ်။
ဂျစ်ကားစီးဖူးသလား “ဂျာကစ် စာဘူးသရီး” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ကတော့ အခုဇာတ်ကားရိုက်ကူးထုတ်လုပ်မှုကို မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဆိုင်ရာအဖွဲ့ချုပ်နဲ့ ရုပ်ရှင်ထုတ်လုပ်သူ ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာတို့အကြားမှာ နားလည်မှုရယူပြသခဲ့ပြီးမှသာ ဇာတ်ကားကို ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့သို့ တင်ပြခဲ့တာဖြစ်တယ်လို့ လည်းသတင်းမီဒီယာတွေကို ဖြေကြားပေးထားပါတယ်။
ပုံစာ။ Her Sal Yon အကောင့်တွင် တင်ထားသော ပို့စ်တချို့နှင့် ပျောက်ဆုံးမှု အသိပေးချက် (Photo – Her Sal Yon & Chllista (Facebook))