၂၉. ၁၀. ၂၀၂၄
Written by Phyo Wei
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကဖြစ်ပွားတဲ့ ရာဂီမုန်တိုင်းကြောင့် ဘေးဒဏ်ခံရမှုမှာ ကယားပြည်နယ်ကတော့ KNDF လက်နက်ကိုင် ၁၈ ဦးအပါအဝင် လူ ၂၅ ယောက်သေဆုံးခဲ့သလို ရေမြုပ်သွားတဲ့လယ်တွေ၊ ပျက်စီးသွားတဲ့အိမ်တွေနဲ့ ဘေးဒဏ်ခံ လူ ၁၅၀၀၀၀ တစ်လစားဖို့ စားနပ်ရိက္ခာအတွက် ဒေါ်လာ ၇၇ သိန်းကျော် လိုအပ်တယ်လို့ IEC က နိုင်ငံတကာဆီ အကူအညီတောင်းခံလာတဲ့ဖြစ်စဉ် ဒီတစ်ပတ်မှာ မြင်ခဲ့ရသလို မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆို့ အရေးယူမယ့် Article 33 နဲ့ ပတ်သက်လို့ ရန်ကုန်မြို့၊ ကန်ဘဲ့လမ်းမှာရှိတဲ့ ကမ္ဘာ့အလုပ်သမားသမားအဖွဲ့ချုပ်(ILO)ရုံးကို မြန်မာအလုပ်သမားထုဘက်က ကန့်ကွက်ရှုတ်ချစာတစ်စောင် ပေးပို့လိုက်တဲ့ဖြစ်စဉ်ကိုလည်း မြင်ခဲ့ရပါသေးတယ်။
အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံက တင်သွင်းလာတဲ့ သား၊ ငါးထုတ်ကုန်တွေ မစားဖို့ အမေရိကန် FSIS က ထပ်မံသတိပေးလာတဲ့ဖြစ်စဉ်တွေနဲ့ လက်ရှိဘဏ္ဍာနှစ်အတွင်း စက်သုံးဆီ၊ စားသုံးဆီနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ဒေါ်လာ တစ်ဘီလျံကျော် ရောင်းချပေးခဲ့တယ်လို့ ဗဟိုဘဏ်က အသိပေးလာတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်ကိုတော့ တရုတ်နိုင်ငံဘက်က ပို့ကုန်တွေ တင်းကျပ်တယ်ဆိုတဲ့အကြောင်း၊ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် အဖိုးတန်ကုန်သွယ်ဘက်နိုင်ငံအဖြစ် ဆက်ရှိနေမယ်ဆိုတဲ့အကြောင်းတွေနဲ့ ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်လိုက်တဲ့အကြောင်း စတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ရောထွေးနေတဲ့အကြောင်းအရာတွေကို ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် ဖော်ပြချင်ပါတယ်။
◾ တရုတ်တင်းကျပ်တဲ့ ပို့ကုန်
၁၀၂၇ စစ်ဆင်ရေးအကျပ်အတည်းနဲ့အတူ ပိတ်ဆို့သွားတဲ့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းမှာ ထိန်းမရသိမ်းမရထကြွနေတဲ့ MNDAA နဲ့ TNLA ကို အဆိပ်ပင်ရေမလောင်းဖို့အတွက် တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံဘက်ခြမ်းဆီပို့မယ့် ပို့ကုန်တွေကို စိစစ်ကြပ်မတ်လိုက်ချိန်မှာ တရုတ်နိုင်ငံကို အဓိကမှီနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအဖို့ အခက်ကြုံခဲ့ရပေမဲ့ လက်တွေ့မှာတော့ ဒီလိုမျိုးအကြမ်းဖက်သမားတွေ စစ်ရေးအခြေပြုရာဒေသက ပြည်သူတွေပဲ အရင်ဆုံးအဖြစ် ကုန်စျေးနှုန်းနှစ်ဆတက်တဲ့ ဒဏ်ကို ခံခဲ့ရတာပါ။
တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်တိန့်ရှီကျွင်းနဲ့ “၀” လက်နက်ကိုင်တွေ တွေ့ဆုံမှု ပေါက်ကြားစာမှာလည်း တရုတ်နိုင်ငံဘက်က သူတို့တင်းကျပ်ထားလျက်သားနဲ့ MNDAA ဆီမှာ ထောက်ပို့ရိက္ခာတွေမပြတ်တာကို အထူးတလည်အာရုံစိုက်ခဲ့တာကို မြင်ခဲ့ရသလို တရုတ်ဘက်က အထူးတလည်ကြပ်မတ်လာပြီဆိုရင်တော့ ပြည်မဘက်ကလည်း လက်နက်ကိုင်နယ်မြေတွေဆီကို စားသောက်ကုန်ပို့မယ့်လမ်းကြောင်းမှန်သမျှ ဖြတ်တောက်တားဆီးနိုင်မှ၊ လက်နက်အားကိုးနဲ့ လုယက်မယ့်အခြေအနေတွေကို တားမြစ်နိုင်မှ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အတိုင်းအဆမရှိ ကြီးထွားလာနေမှုကို ဟန့်နိုင်မှာဖြစ်တဲ့ အခြေအနေ မြင်ရပါတယ်။ ဒီလိုဟန့်နိုင်ပါမှလည်း ရွေးကောက်ပွဲနဲ့ အာဏာအလွှဲအပြောင်းကိစ္စတွေကို ချောမွေ့ အနှောင့်အယှက်နည်းစေနိုင်မှာပါ။ ရွေးကောက်ပွဲနဲ့ အာဏာအလွှဲအပြောင်း ချောမွေ့ငြင်သာပြီး ကမ္ဘာက မဖြစ်မနေအသိအမှတ်ပြုပေးရမဲ့ Legitimacy ရှိတဲ့ အစိုးရတစ်ရပ်ပေါ်ထွန်းလာမှလည်း အကြမ်းဖက်အဖွဲ့တွေကို ပုံစံအမျိုးမျိုးနဲ့ ထောက်ပံ့နေတဲ့ တခြားသောနိုင်ငံတွေရဲ့ ထောက်ပံ့မှုတွေကို တားမြစ်နိုင်ဖို့၊ ကန့်ကွက်နိုင်ဖို့ လမ်းစလည်း ထွက်ပေါ်မယ့်အခြေအနေပါ။
ဒါကြောင့် တရုတ်ဘက်က တင်းကျပ်ပြီဆိုတဲ့အခြေအနေတွေမှာ MNDAA ၊ TNLA ၊ AA တို့လို အကြမ်းဖက် သတ်မှတ်ခံထားရတဲ့ အဖွဲ့အစည်းတွေဘက်ဆီကို ပြည်မဘက်က စားသောက်ကုန်တွေ တရဟော စီးထွက်နေတာတွေ တားဆီးနိုင်ဖို့ကလည်း အရေးတကြီးလိုအပ်မှာဖြစ်သလို အကြမ်းဖက်အဖြစ် သတ်မှတ်ခံထားရတဲ့ လက်နက်ကိုင်တွေရှိရာဒေသကို တုံ့ပြန်တော့မယ်လို့ တရားဝင်ပြောကြားထားပြီး အဲဒီလိုအကြမ်းဖက်သမားတွေအနီး မနေဖို့လည်း သတိ ပေးထားပြီးဖြစ်တာမို့လို့ အကြမ်းဖက်သမားတွေဘေးမှာ ဆက်နေနေတဲ့ အနည်းစုသော ပြည်သူတွေကိုလည်း အသက်ဉာဏ်စောင့်ပြီး ဘေးလွတ်ကင်းရာ၊ စစ်မက်မဖြစ်ပွားရာနေရာတွေဆီ ရွှေ့ပြောင်းနေထိုင်ကြပါလို့လည်း တိုက်တွန်းပါရစေ။
◾ တန်ဖိုးအထားရဆုံးကုန်သွယ်ဘက်အိန္ဒိယ
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဟာ တရုတ်နိုင်ငံကို တိုင်တည်ပြီး ကျားဖြန့်တွေ နှိမ်နင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၀၂၇ စစ်ဆင်ရေးကို စခဲ့သလို တစ်ချိန်လုံး မြန်မာနိုင်ငံကို လိုက်လံပြိုင်ဆိုင်ပြီး မြန်မာမြေတွေ မျက်စိကျနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်း သူ့နယ်မြေထဲမှာ မြန်မာနိုင်ငံဘက်ဆီက အကြမ်းဖက်လက်နက်ကိုင်တွေ ရှင်သန်ခွင့်ပြုထားတယ်ဆိုတဲ့ သတင်းအပြင် သူ့နယ်မြေထဲ တိမ်းရှောင်လာတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ ရာဇဝတ်သားအသွင်သတ်မှတ်ထားပြီး သူ့နိုင်ငံသားအကျဉ်းသားတွေနဲ့ ပြန်လည်လဲလှယ်စေတဲ့ပုံစံပဲ လုပ်ဆောင်ခဲ့တာပါ။ ဒါ့အပြင်လည်း AA ဘက်က ပစ်ခတ်မှုတွေမှာ မြန်မာအစိုးရကို အပြစ်တင်တဲ့သဘောမျိုးတွေ၊ စစ်မဖြစ်ချင်ဘူးလို့ ခြိမ်းခြောက်မှုဆန်တဲ့ စကားမျိုးတွေကိုပဲ အရင် ရှိတ်ဟာစီနာအစိုးရတာဝန်ရှိသူတွေက ပြောခဲ့တာကို မြင်ရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဟာလည်း မီးစတစ်ဖက် ရေမှုတ်တစ်ဖက်သာဖြစ်ပြီး သူ့နိုင်ငံကို အကြမ်းဖက် လက်နက်ကိုင်တွေက နိုင်ငံတကာဂိတ်ပေါက်လို ဝင်ထွက်သွားလာနေရင်း လက်နက်တွေ၊ ငွေကြေးတွေ စီးဝင်စီးထွက်နေတာကို မသိကျိုးကျွံပြုထားပြီး အခုမှသာ သူ့နိုင်ငံဘက်ဆီ မူးယစ်ဆေးနဲ့ လက်နက်မှောင်ခို အရမ်းဝင်လာမှ ဟန်ပြထိန်းဖို့ လုပ်တဲ့အသွင် မြင်ရတာပါ။
မြန်မာနိုင်ငံက အိမ်နီးချင်းငါးနိုင်ငံထဲမှာ လာအိုကတော့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုကောင်းတာမြင်ရသလို အိန္ဒိယနိုင်ငံကတော့ ကမ္ဘာကြီးက မြန်မာနိုင်ငံကို အထီးကျန်ဖြစ်သွားအောင် လုပ်ဆောင်နေတာကို ဆက်မလုပ်ဖို့တောင် လာအိုနိုင်ငံမှာပြုလုပ်တဲ့ အာဆီယံဝန်ကြီးများအစည်းအဝေးမှာ အာဆီယံနဲ့ အမေရိကန်၊ ရုရှားစတဲ့ နိုင်ငံတွေက တာဝန်ရှိသူတွေလာတက်တဲ့ပွဲမှာကို အိန္ဒိယဝန်ကြီးချုပ်မိုဒီက တရားဝင်ပြောခဲ့သေးတာကြောင့် မြန်မာ့အိမ်နီးချင်းငါးနိုင်ငံထဲမှာ အိန္ဒိယဟာ မြန်မာ့အကျိုးအလိုလားဆုံးနဲ့ အကောင်းဆုံးနိုင်ငံလို့ပြောရမှာပါ။
ဒါကြောင့်လည်း SAC ဥက္ကဋ္ဌက အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ တန်ဖိုးအထားရဆုံး ကုန်သွယ်ဘက်နိုင်ငံအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာကို တွေ့ရပါတယ်။ ကမ္ဘာကြီးဟာ မြန်မာနိုင်ငံကို လျစ်လျှူရှုတာထက်ပိုပြီး တစ်ဖက် စောင်းနင်းဝေဖန်တိုက်ခိုက်မှုတွေပဲ လုပ်နေချိန်မှာ အိန္ဒိယနိုင်ငံကပဲ မြန်မာနိုင်ငံအတွက် အလျင်အမြန်အကျိုးသက်ရောက်စေမယ့်စီမံကိန်းအများအပြားအပြင် မြန်မာလူငယ်တွေအတွက် ပညာသင်ဆု ၉၀၀ ကျော်လည်း ကမ်းလှမ်းထားပါသေးတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ အိမ်နီးချင်းနိုင်ငံကို ရွေးချယ်ခွင့်မရှိတဲ့ အခြေအနေမှာ အိမ်နီးချင်းကောင်းနိုင်ငံဆိုတဲ့ တန်ဖိုးဟာ ဒီလိုကာလမှာ ပိုမိုပေါ်လွင်လာတာမြင်ရတာကလည်း ဘက်စုံကျပ်တည်းနေတဲ့ မြန်မာနိုင်ငံအတွက်တော့ ကောက်ရိုးတစ်မျှင်ဖြစ်သလို အိန္ဒိယနိုင်ငံက ကူပံ့နေတဲ့ စီမံကိန်းတွေကို ဒီလိုကာလမှာ တိုက်ရိုက်ခံစားခွင့်ရနေတဲ့ မြန်မာပြည်သူတွေအဖို့လည်း ဒီကူပံ့မှုတွေဟာ ရှင်သန်နိုင်ဖို့ အားအင်ဆို လွန်မယ်မထင်ပါဘူး။
◾ ထောင်သုံးနှစ်ချမဲ့ အရေးကြီးရွှေ
အစိုးရတစ်ရပ်ကို မကျေနပ်တာကြောင့် ရွှေနဲ့ဒေါ်လာအပြင် ကုန်စျေးနှုန်းပါ ဆွဲတင်ပြီး လူထုအုံကြွ လမ်းပေါ်ထွက်အောင် လုပ်ဆောင်နေသူတွေဟာ ရွှေတစ်ကျပ်သား ကျပ်သိန်း ၁၀၀၊ တစ်ဒေါ်လာ ကျပ် ၁၀၀၀၀ ဖြစ်အောင် ကြံဆောင်နေတယ်လို့ MT News သတင်းဌာနက ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက သတိပေးခဲ့သလို ဩဂုတ်လအတွင်းမှာဆိုရင် တစ်ဒေါ်လာ ၇၀၀၀ ကျော်နဲ့ ရွှေတစ်ကျပ်သား သိန်း ၈၀ ကျော်အထိ ဆွဲတင်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဗဟိုဘဏ်က ဒေါ်လာသန်းရာချီထုတ်ရောင်းမှု၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဒေါ်လာ ၃ ဘီလျံကူညီမယ်ဆိုတဲ့ကိစ္စမှာ NUG ဝန်ကြီးဦးတင်ထွန်းနိုင်က တရားဝင်မေးမြန်းမယ်ဆိုခဲ့ပေမဲ့ မဟုတ်မှန်ဘူးလို့ ပြန်မငြင်းနိုင်မှု၊ စျေးကစားသူအချင်းချင်းအကြား အငြင်းပွားမှု၊ သူဌေးကြီးတွေ ပိုင်ဆိုင်မှုရွှေ့ပြောင်းတယ်လို့ လှုပ်ခတ်မှု၊ ဒေါ်လာစျေးကျတတ်တဲ့ ဘာလေးဘာကာလ၊ ယွမ်ကျပ်၊ ဘတ်ကျပ်၊ ရူပီးကျပ်နဲ့ ပို့ကုန်သွင်းကုန် ကန့်သတ်မှု စတာတွေ ဆုံလာချိန်မှာ ဒေါ်လာစျေးဟာ ၄၅၀၀ ပတ်ခြာလည် ပြန်ကျလာခဲ့တာပါ။
ဒီအချိန်မှာ အစ္စရေးစစ်ပွဲလှုပ်ခတ်မှုနဲ့အတူ ရွှေစျေးအနည်းငယ်ပြန်တက်လာတာကို အခွင့်ကောင်းယူပြီး တစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထိ ရွှေစျေးဆွဲတင်မယ်ဆိုတဲ့ ကောလာဟလတွေနဲ့အတူ ဒေါ်လာစျေးပါ ပြန်လှုပ်ခတ်လာပြီး တက်ရိပ်ပြနေချိန်မှာတော့ SAC အစိုးရအဖွဲ့ဘက်က ရွှေကို ချက်ချင်းပဲ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်တာကို မြင်တွေ့လိုက်ရပါတယ်။
ဒီနှစ် နှစ်ဆန်းပိုင်းကတည်းက ရွှေကို အရေးကြီးကုန်စည်အဖြစ် ကန့်သတ်ဖို့ပေမဲ့ ကြန့်ကြာနေခဲ့တာပါ။ လက်ရှိကန့်သတ်လိုက်ချိန်မှာလည်း အရင်တည်းက ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ရွှေစျေးသတ်မှတ်ပေးပြီး ဒီရွှေစျေးကိုပဲ ပြင်ပမှာက ၁၂ သိန်းလောက်ကနေ သိန်း ၂၀ ကြား အမြတ်ကြီးစားပြီး စျေးကစားနေတာ၊ စစ်ဆေးအရေးယူတယ်ဆိုတဲ့ အသံတွေထွက်လာချိန်မှာ ရွှေစျေးကို ရည်ညွှန်းစျေးနဲ့ရောင်းပေမဲ့လည်း လက်ခနဲ့ အလျော့တွက်ကို အရင်တုန်းကထက် ငါးဆခြောက်ဆ ပိုတောင်းလာပြီး ပြင်ပပေါက်စျေးနားရောက်အောင် မလိမ့်တစ်ပတ်နဲ့ ပိုရောင်းလာတာတွေကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိလာနေတာ တွေ့ရပါတယ်။
အရေးကြီးကုန်စည်သတ်မှတ်ချက်အရ အစိုးရက ရွှေစျေးသတ်မှတ်ပေးချိန်မှာ သတ်မှတ်နှုန်းအတိုင်း ရွှေလုပ်ငန်းရှင်တွေ ရောင်းဝယ်ဖို့ လိုအပ်မှာဖြစ်သလို စျေးကစားပြီး မမှန်မကန်အကျိုးအမြတ်ရှာချင်တဲ့၊ အစိုးရတစ်ရပ်ကို မကျေနပ်မှုအပေါ်မှာ ပြည်သူအုံကြွအောင်လုပ်ချင်တဲ့ ဝိသမလောဘသားတွေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အမှန်တကယ် ထိထိရောက်ရောက်ကိုင်တွယ်ဖို့လိုသလို အလျော့တွက်နဲ့ လက်ခကို သိန်း ဆယ်ချီတောင်းပြီး ဘောင်ထဲက အဆမတန်တင်ရောင်းနေတာကိုလည်း ရွှေရည်ညွှန်းစျေး သတ်မှတ်ရေးကော်မတီက ကြိုတင်နားလည် ကိုင်တွယ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ရည်ညွှန်းစျေးတော့ သတ်မှတ်ပါရဲ့ အဆမတန်တောင်းနေတဲ့ အလျော့တွက်နဲ့ လက်ခကို မသိကျိုးကျွံပြုနေမယ်ဆိုရင်လည်း အိတ်ပေါက်နဲ့ ဖားကောက်သလို အစိုးရသတ်မှတ်တဲ့ ရည်ညွှန်းစျေးက တစ်စျေး၊ မှောင်ခိုစျေးကတစ်စျေး၊ အလျော့တွက်နဲ့ လက်ခပေါင်းပြီး မှောင်ခိုစျေးထက် မြင့်ကုန်တာက တစ်စျေးဖြစ်လာနိုင်တဲ့ အန္တရာယ်ကိုလည်း တာဝန်ရှိသူတွေက ဖြောင့်မတ် မှန်ကန်စွာ ကြိုတင်ကာကွယ်ပေးပါလို့ တောင်းဆိုရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။