၂၉.၁၀.၂၀၂၄
Written By Thandar
ဒါရိုက်တာ အကယ်ဒမီအောင်ကိုလတ် တည်ထောင်ထားတဲ့ “Myanmar International Film Academy” က Batch 7၊ Batch 8 နဲ့ Intensive Filmmaking Course ကျောင်းသားကျောင်းသူတွေရဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ The Moon Gallery Café & Bistro မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ MIFA ကျောင်းကို တည်ထောင်ချင်ခဲ့တဲ့ အိပ်မက်က ၂၇ နှစ်ရှိသွားပြီ။ ကိုယ်တိုင်ကလည်း ကလေးဘဝထဲက ရုပ်ရှင်လောကမှာ အဖေနဲ့အတူ ကြီးပြင်းလာပြီးအဆိုတော် ဖြစ်လာတဲ့သူတစ်ယောက်ဆိုတော့ ရုပ်ရှင်ကို ပြန်စတဲ့အချိန်မှာ အခက်အခဲများစွာကြုံခဲ့ရတယ်။ သင်စရာကျောင်းလည်း မရှိခဲ့ဘူး။ ကိုယ်တိုင်လည်း နိုင်ငံ ၃၅ နိုင်ငံအထိ လေ့လာခဲ့ရတယ်။ ဒီပညာရပ်တွေကို ကျွန်တော်က International ဝင်ဆံ့နိုင်တဲ့ ကျောင်းသား၊ ကျောင်းသူဖြစ်စေချင်လို့ ပညာအမွေကို အပင်ပန်းခံပြီး ပေးနေတာပါ။ ကိုယ့်ထက်တော်တဲ့ ကလေးတွေ ရှိစေချင်လို့ မျှော်လင့်ပြီးတော့ သင်ကြားပေးတာပါ။ အရှုံးခံပြီးတော့ သင်ကြားပေးနေတာပါ။ အမြတ်အစွန်းလည်း မရှိပါဘူး။ ဒါတွေကိုထည့်မတွက်ပါဘူး။ ဒီလူတစ်ယောက် အောင်မြင်ခြင်းအားဖြင့် မြန်မာ့ဂုဏ်ကို ဆောင်စေချင်တာပါ” လို့ Myanmar International Film Academy တည်ထောင်သူ ဒါရိုက်တာအောင်ကိုလတ်ကပြောပါတယ်။
အဆိုပါ သင်တန်းမှာတော့ နာမည်ကြီး အနုပညာရှင်ဖြစ်တဲ့ အဆိုတော် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်အပြင် အတတ် ပညာရှင်တချို့၊ တကယ့်ကို အနုပညာရိုက်ကူးရေးအပိုင်းတွေကို တကယ့်ဝါသနာပါသူတွေကို သင်ကြားပေးတာလည်းဖြစ်ပါတယ်။ ဒီသင်တန်းမှာက သင်တန်းသူ၊ သင်တန်းသား ၁၂ ဦး သင်တန်းဆင်းခဲ့တာလည်းဖြစ်ပြီး ယခင်အပတ်စဉ်သင်တန်းတွေမှာ တက်ရောက်ခဲ့သူ အနုပညာရှင်တချို့လည်း တက်ရောက်ခဲ့ပါတယ်။
“ကျွန်တော်ကတော့ ဆရာဦးအောင်ကိုလတ် သင်တန်းမှာတက်ရောက်ခဲ့တာပါ။ တကယ်တော့ ကြာပါပြီ ဒီသင်တန်းအစပိုင်းထဲက ပြောခဲ့တာပါ။ ခုမှ တက်ရောက်ဖြစ်တာပါ။ကျွန်တော်က ရုပ်ရှင်လောကမှာ နှစ် ၂၀ ကျော်လောက်ရှိခဲ့ပေမယ့် ဒါပေမယ့် လက်တွေ့ပဲရှိပြီးတော့ စာတွေ့က ငယ်ငယ်ကတည်းက ရုပ်ရှင်ပညာနဲ့ ပတ်သက်ပြီးတော့ အခြေခံသဘောတရား၊ Theory တွေကို စာတွေ့သင်ကြားခဲ့တာမရှိပါဘူး။ ဒါကြောင့် ဒီသင်တန်းကို လာတက်ဖြစ်တာပါ” လို့ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။