၂၉.၁၀.၂၀၂၄.
translated by Htwe Ko Tun
တရုတ်နိုင်ငံရဲ့ ဆီမီးကွန်ဒတ်သာခေါ် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေထုတ်လုပ်မှု၊ ကွမ်တမ်နည်းပညာနဲ့ အသိဉာဏ်ရည်တုလုပ်ငန်းတွေဟာ တကယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနေတယ်လို့ မှတ်ယူရမယ်ဆိုရင် အမေရိကန်အစိုးရအနေနဲ့ ဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို လာမယ့်နှစ် ဇန်နဝါရီ ၂ ရက်ကစ အမေရိကန်အစိုးရကစလို့ ပိတ်ပင်သွားမယ်လို့ အမေရိကန်အစိုးရ၊ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒါက သမ္မတ ဂျိုးဘိုင်ဒန်အစိုးရအနေနဲ့ ဒီလိုခေတ်မီနည်းပညာရပ်တွေမှာ တရုတ်နိုင်ငံရဲ့ တိုးတက်လာနေမှုအပေါ် စိုးရိမ်စိတ်တွေမြင့်မားလာနေပြီး တရုတ်နိုင်ငံရဲ့ နည်းပညာတိုးတက်မှုတွေကို ဟန့်တားနိုင်ဖို့ ခြေလှမ်းတစ်ရပ်လို့လည်း ဆိုရမှာပါ။
အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပေးလာနိုင်တယ်လို့ သတ်မှတ်ထားတဲ့ နည်းပညာနဲ့ ထုတ်ကုန်တွေနဲ့ပတ်သက်လို့ တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ မကာအိုတို့နဲ့ အရောင်းအဝယ်ပြုလုပ်မှုတွေကိုတားမြစ်ဖို့ နောက်ဆုံးစည်းမျဉ်းတွေကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလို အရောင်းအဝယ်တွေပြုလုပ်မယ်ဆိုရင် စည်းမျဉ်းအရ တရားရေးဝန်ကြီးဌာနကို အကြောင်းကြား အစီရင်ခံဖို့လိုမှာပါ။
ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဒီလိုတားမြစ်တဲ့အရောင်းအဝယ်တွေမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ မိုက်ကရိုအီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ ကွမ်တမ်အချက်အလက် ဆိုင်ရာနည်းပညာတွေအပြင် ဉာဏ်ရည်တုနည်းပညာလည်းပါတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဉာဏ်ရည်တုနည်းပညာဆိုရင် ထပ်မံပေါ် ပေါက်လာမယ့် မျိုးဆက်သစ် တိုက်လေယာဉ်တွေလို စစ်ဘက်ရေးရာ၊ စောင့်ကြည့်ခြင်း၊ ထောက်လှမ်းခြင်းနဲ့ တချို့ ဆိုင်ဘာလုံခြုံမှုဆိုင်ရာမျိုးဆက်သစ်ကိရိယာတွေတိုးတက်မှုအတွက် အဓိကကျတယ်လို့ သုံးသပ်ယူဆထားကြတာပါ။
သမ္မတဂျိုးဘိုင်ဒန်အစိုးရမှ အဆင့်မြင့်အရာရှိကြီးတွေကတော့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းတွေက အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် တရုတ်နိုင်ငံရဲ့စစ်ဖက်ခေတ်မီတိုးတက်ရေးအတွက် လိုအပ်နေတဲ့ ခေတ်မီနည်းပညာတွေအဖြစ် အမြတ်ထုတ်သုံးစွဲလို့မရအောင် အာမခံတာပဲလို့ ပြောခဲ့ကြပါတယ်။
ဒါ့ပြင် အမေရိကန်အစိုးရအရာရှိကြီးတစ်ဦးက အမေရိကန်အစိုးရရဲ့ ခုလိုပိတ်ဆို့မှုက တရုတ်ကုမ္ပဏီတစ်ခုမှတစ်ဆင့်ထောက်လှမ်းရေး ဒါမှမဟုတ် လူသားကစစ်မြေပြင်မှာထိန်းချုပ်ပစ်ခတ်ဖို့မလိုတဲ့ လက်နက်စနစ်တွေတိုးတက်စေဖို့ ဉာဏ်ရည်တုနည်းပညာအသုံးပြုခြင်းလို နယ်ပယ်တွေမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီးသက်ရောက်မယ်လို့လည်းပြောခဲ့ပါတယ်။
Ref- SCMP