၂၉.၁၀.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်)၊ အင်းစိန်-ညောင်တုန်းလမ်း၊ ဘီအိုစီလမ်းဆုံတွင် ယနေ့ အောက်တိုဘာ ၂၉ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က ခရီးသည် မော်တော်ယာဥ်က အရှိန်မထိန်းနိုင်ဘဲ စည်ပင်ရေသယ်ယာဥ်ကို ဝင်တိုက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ဦးကျော်စိုးဝင်း (၄၂နှစ်) မောင်းနှင်လာသော TOYOTA TOYOACE အမျိုးအစား ခရီးသည်ယာဥ်မှာ ဘီအိုစီလမ်းဆုံတွင် အရှိန်မထိန်းနိုင်ဘဲ တွံတေးဘက်မှ အင်းစိန်ဘက်သို့ ယာဥ်မောင်း ဦးရဲလင်းအောင် မောင်းနှင်သော JAC HFC အမျိုးအစား စည်ပင်ရေသယ်ယာဥ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် ခရီးသည်ယာဥ်ပေါ်မှ ဦးထွန်းထွန်းနိုင်မှာ သေဆုံးခဲ့ပြီး အသက် ၂၇ နှစ်မှ ၅၇ နှစ်ကြားရှိ ယာဥ်မောင်းအပါအဝင် အမျိုးသား ခုနစ်ဦးနှင့်အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့ရာ သုံးဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုကို လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်) မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ကိုးဦးက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ရွှေဝင့်ဝါလူမှုကူညီရေးအသင်း၊ ခွန်အားသစ်လူမှုကူညီရေးအသင်းနှင့် သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်း သူနာတင်ယာဉ်တို့ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။