၂၉. ၁၀. ၂၀၂၄
Written by Nyein Kyaw
မြန်မာနိုင်ငံဘက်သို့ တင်ပို့မည့် တရုတ်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံဘက်မှ စစ်ဆေးမှုတင်းကျပ်နေသဖြင့် ရှမ်းမြောက်ဒေသ၌ လက်ရှိတွင် စက်သုံးဆီနှင့် ကုန်ဈေးနှုန်းများ နှစ်ဆအထိ ထပ်မံမြင့်တက်နေကြောင်း မြန်မာ-တရုတ်နယ်စပ် သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်မှစတင်ပြီး မြန်မာနိုင်ငံမှ တင်သွင်းနေသည့် တရုတ်ဘက်မှ သွင်းကုန်များအား တရုတ်နိုင်ငံက ၎င်းနိုင်ငံဘက်ခြမ်းတွင် စစ်ဆေးမှုတင်းကျပ်နေပြီး အထူးသဖြင့် အွန်လိုင်းမှ ရောင်းချနေသည့် ပစ္စည်းများကို အဓိကစစ်ဆေးမှုများ ဆောင်ရွက်နေခဲ့ခြင်းဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင် တရုတ်နိုင်ငံဘက်သို့ သွားရောက်သည့်သူများအတွက် တစ်ကိုယ်သုံး တစ်နိုင်တစ်ပိုင်ပစ္စည်းများ (ဥပမာ စီးကရက်၊ အစားအသောက်)များကိုသာ ယူဆောင်ခွင့်ပြုပြီး တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ချိန်တွင် တစ်နိုင်တစ်ပိုင်သယ်ယူခွင့်ပင် မပေးတော့ကြောင်း သိရသည်။
“အခုက တစ်နိုင်တစ်ပိုင်တောင် မပေးဘူးဖြစ်နေတာ။ မူဆယ်အနေအထားက မြန်မာပြည်ဘက် ဘာပစ္စည်းမှ လာလို့မရဘူး။ တရုတ်ကိုပဲ အားကိုးနေရတာ။ အခုတရုတ်ကလည်း အဲဒီလို ပိတ်လိုက်တဲ့အခါ နောက်ဆုံး ဓာတ်ဆီကအစ တအားမြင့်ကုန်တယ်။ ဓာတ်ဆီဆိုရင် ပုံမှန်ဆိုရင် ၄၇၀၀ လောက်ရှိတာ။ အပြင်ပေါက်ဈေးနဲ့ တချို့ဆိုင်တွေတော့လည်း အပြင်မရောင်းဘူး။ တချို့ဆိုင်တွေကလည်း ဘယ်ကဘယ်လို ရလဲမသိဘူး။ လိုသလောက်ရတယ် ၈၀၀၀ နဲ့ ၁၀,၀၀၀ ကြားဖြစ်နေတယ်။ တစ်လီတာကို။ မြန်မာပြည်က စက်သုံးဆီကလည်း ရှမ်းမြောက်ကို မန္တလေးကနေ ဖြတ်သန်းဖို့က မလွယ်ဘူး။ တရုတ်ဆီပဲရှိတာ။ စားသောက်ကုန်ကလည်း နှစ်ဆလောက် တက်သွားတယ်” ဟု မူဆယ်မြို့ရှိ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခင်က မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်နယ်စပ်ဂိတ် ၃ ခုဖြစ်သည့် နန်းတော်ဂိတ်မှ လူဝင်ထွက်ခွင့်ပြုထားပြီး ဆင်ဖြူဂိတ်မှ ကားလေးနှင့် ဆိုင်ကယ် ဝင်ထွက်ခွင့်ပြုထားသလို မန်ဝိန်းဂိတ်မှ ကုန်ပစ္စည်းများ ဝင်ထွက်ခွင့်ပြုထားခြင်းဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းသွားပြီးနောက် ဆင်ဖြူဂိတ်မှ ကားလေးနှင့် ဆိုင်ကယ်များဖြင့် ကုန်ပစ္စည်းများကို အဓိကတင်သွင်းနေခြင်းဖြစ်သော်လည်း ကုန်ပစ္စည်းသယ်ဆောင်ရာတွင် ဆိုင်ကယ်တစ်စီး တင်ဆောင်လာမှုက AD Van ကားတစ်စီးမဆံ့သည့် ကုန်ပစ္စည်းပမာဏအထိ တင်ဆောင်မှုများရှိခဲ့၍ ယင်းကဲ့သို့ ဆောင်ရွက်နေမှုများကို တရုတ်နိုင်ငံဘက်က အဓိက စတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့် MNDAA ၊ ရခိုင်တပ်တော် AA နှင့် တအာင်း TNLA တို့က ၁၀၂၇ စစ်ဆင်ရေးအဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ကြေညာခဲ့ပြီးနောက် လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်းများနှင့် ပြည်ထောင်စုလမ်းမကြီးကို စတင်တိုက်ခိုက်ချိန်မှစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးစတင်ပြီးချိန်မှစတင်၍ မြန်မာ-တရုတ်နယ်စပ် အဓိကတရားဝင်ဂိတ်ဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည်လည်း လက်ရှိအချိန်အထိ ပိတ်ထားရခြင်းကြောင့် လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို တရားဝင်တင်သွင်းမှုထက် တရားမဝင်လမ်းကြောင်းများမှ ဆောင်ရွက်နေရခြင်းဖြစ်သည်။
လူမှုကွန်ရက်စာမျက်နှာများတွင် ထွက်ပေါ်ခဲ့သည့် သတင်းများအရ ယူနန်ပြည်နယ်၊ ဆစ်ဆောင်ပန်းနားမြို့နယ်ရှိ DaLuo ပို့ဆောင်ဆက်သွယ်ရေးဂိတ်မှ ပို့ကုန်ထိန်းချုပ်ရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပြီး အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်ဆက်စပ်ပစ္စည်းဖြစ်သော ဘတ္ထရီ၊ ဆိုလာဘတ္ထရီ၊ ဆိုလာပြားအင်ဂျင်၊ မီးသီးမီးအိမ်များ၊ စားသောက်ကုန်များ၊ ဘိလပ်မြေများအစရှိသည့် ပစ္စည်းများကို မြန်မာနိုင်ငံသို့တင်ပို့ခြင်း ခေတ္တယာယီ ထွက်ခွင့်မပြုကြောင်း Customer များအနေဖြင့် ကြိုတင်သိရှိရန် အသိပေးထားသည်။