၂၉. ၁၀. ၂၀၂၄
Written by Nay Moe
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက လက်နက်မဲ့စာရေးဝန်ထမ်း ဦးအေးမင်းနိုင်ကို ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ကျူးလွန်တဲ့အဖွဲ့ဖြစ်တဲ့ ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ(၄)က ဝန်ခံ အတည်ပြုပါတယ်။
တရုပ်မှော်ကျေးရွာမှာနေထိုင်တဲ့ ဦးအေးမင်းနိုင်ဟာ မမဲရွာဘက်ကို ဖုန်းဆက်ခေါ်ခံရတာကြောင့် သွားရောက်ချိန်အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီခွဲခန့်မှာ PDF တွေက ချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်လိုက်ကြတာဖြစ်ပြီး ပစ်ခတ်မှုဟာ နားထင်နဲ့ ရင်အုံကိုထိမှန်တာကြောင့် နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ထွေအုပ်စာရေးဦးအေးမင်းနိုင်ဟာ စစ်မှုထမ်းစုဆောင်းရာမှာ လူအင်အား စုဆောင်းပေးတာ၊ စစ်မှုမထမ်းချင်ရင် ငွေနဲ့ညှိပေးတာ၊ PDF တွေကို နှိမ်နင်းမယ်ဆိုပြီး သူကိုယ်တိုင်ဦးဆောင်ကာ ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းထားတာလို့ သတ်ဖြတ်တဲ့ ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ(၄)က အကြောင်းပြချက်ပေးပေမဲ့ ဒီစွပ်စွဲချက်တွေ မှန်မမှန် MT News က အတည်မပြုနိုင်ပါဘူး။
PDF တွေဟာ ဦးအေးမင်းနိုင်ကို ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်လိုက်တဲ့အပြင် လက်ကိုင်ဖုန်းတစ်လုံး၊ ငွေသားငါးသောင်း၊ ထွေအုပ်ရုံးဆိုင်ရာ စာရွက်စာတမ်းတွေကိုလည်း လုယက်သိမ်းယူခဲ့သေးတယ်လို့လည်း သိရပါတယ်။