၂၉. ၁၀. ၂၀၂၄
Written by Nyein Kyaw
ဗဟိုဘဏ်မှ ဒေါ်လာ ၁၆ သန်းကျော်၊ ထိုင်းဘတ် ၁၈ သန်းကျော်နှင့် တရုတ်ယွမ် ၁ သန်းကျော် ထပ်မံထုတ်ရောင်း၍ သုံးလအတွင်း ဒေါ်လာ ၂၃၁ သန်းခွဲကျော်အထိ ထုတ်ရောင်းပေးထားကြောင်း အောက်တိုဘာ ၂၈ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် စက်သုံးဆီတင်သွင်းမှု အခက်အခဲများဖြစ်ပေါ်ခဲ့ပြီးနောက် ဗဟိုဘဏ်အနေဖြင့် ဒေါ်လာများကို သန်းနှင့်ချီအလုံးအရင်း ထုတ်ရောင်းပေးခဲသဖြင့် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ သုံးလအတွင်း ဒေါ်လာ ၂၃၁ သန်းခွဲကျော်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည်။
အလားတူ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ သွင်းကုန်တင်သွင်းမှု အဆင်ပြေစေရန်အတွက် တရုတ်ယွမ်နှင့် ထိုင်းဘတ်များကိုလည်း ထုတ်ရောင်းပေးခဲ့ရာ သုံးလအတွင်း ထိုင်းဘတ် ၇၇၈ သန်းရောင်းပေးခဲ့သလို တရုတ်ယွမ်သန်း ၄၀ နီးပါး ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။
ထို့ပြင် ယခုဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁,၀၀၀ ကျော် (ဒေါ်လာတစ်ဘီလျံကျော်) ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာထားသည်။
ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာ ကျပ် ၅၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာခဲ့သလို ယခုရက်ပိုင်းတွင်း ဒေါ်လာဈေးနှုန်း ဆွဲတင်ကာ ရွှေဈေးနှုန်း ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်မှုရှိနေသော်လည်း ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၄၆၅၀ ကျပ်ဖြင့် ဒေါ်လာဈေးနှုန်း ကျပ် ၅၀၀၀ အောက်တွင်သာ ဆက်ရှိနေသည်။