၂၉.၁၀.၂၀၂၄
Written By Zun
မော်လမြိုင်-ရန်ကုန် ခရီးသည်တင်မှန်လုံယာဉ်ငယ်တစ်စီးပေါ်တွင် လက်နက်နှင့် ကျည်ဆံများကို ညောင်ခါးရှည် စစ်ဆေးရေးဂိတ်၌ ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ ယာဉ်ငယ်မှာ ရန်ကုန်သို့မောင်းနှင်လာပြီး ညောင်ခါးရှည်ဂိတ်တွင် X Ray စက်ဖြင့် စစ်ဆေးမှုခံယူစဉ် ယာဉ်နောက်ပိုင်း ကုန်ပစ္စည်းများနှင့် ရော၍တင်လာသည့် တန်ဆာခ ဖြတ်ထားသည့် ကိုမင်းထိုက် ပျော်ဘွယ် အမည်၊ ဖုန်းနံပါတ်များပါ၊ လူမဲ့ အဝါရောင် ဆာလာအိတ်အတွင်းမှ တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဆာလာအိတ်အတွင်း ကတ်ထူစက္ကူဂျပ်ဖာဖြင့်ထုတ်ပိုးထားသော အမြင့် ၁၅ လက်မခန့်၊ လုံးပတ် ၁၉ လက်မခန့်ရှိ အဖြူရောင် ပလပ်စတစ်ပုံးနှင့် အပြာရောင် အဖုံးဖြင့် ပိတ်ထားသည့် အမြင့် ၁၄ လက်မခန့်၊ လုံးပတ် ၂၈ လက်မခန့်ရှိ အဖြူရောင် ပလပ်စတ်ပုံးအတွင်းမှ ရေချိုငါးပိများဖြင့်ရောကာ အဝါရောင်တိပ်၊ ခဲစက္ကူများဖြင့် ပိတ်လျက် ၄၀ မမ သေနတ် ၁ လက်၊ ၄၀ မမကျည် ၅ တောင့်၊ 380 Auto ကျည် ၅၀ တောင့် တို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ခရီးသည်တင်ယာဉ်ငယ်မှာ”သိင်္ဂီအောင်” ခရီးသည်တင် မှန်လုံယာဉ်ငယ်၊ ယာဉ်အမှတ် MGY-5 6Q-8397 King Long အမျိုးအစားဖြစ်ပြီး အသက် ၄၇ နှစ်အရွယ် ယာဉ်မောင်း ကျော်စိုးဝင်းနှင့် ယာဉ်နောက်လိုက် အသက် ၄၃ နှစ်အရွယ် အောင်ကျော်စိုးတို့ မောင်းနှင်လာသော ယာဉ်ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား စစ်ဆေးမေးမြန်းစဉ် အဆိုပါလက်နက်၊ ခဲယမ်းများကို ကော့ကရိတ်မြို့နယ်၊ ထိုးကော်ကိုး တောင်ခြေရှိ “သိင်္ဂီအောင်” ကားဂိတ်မှ ရန်ကုန်အောင်မင်္ဂလာအဝေးပြေး ကားဝင်း၊ “ပ”ကွင်း ရှိ “သိင်္ဂီအောင်” ကားဂိတ်သို့ လူမဲ့တန်ဆာဖြင့် တင်ဆောင်ပေးလိုက်ခြင်းဖြစ်ပြီး ရန်ကုန်ဂိတ်မှ အိတ်ပေါ်ပါဖုန်းနံပါတ်၊ လိပ်စာအတိုင်း ပျော်ဘွယ်မြို့သို့ ဆက်လက်ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ထွက်ဆိုကြောင်းသိရသည်။
“ကားဂိတ်တွေမှာပစ္စည်းတင်တဲ့အခါ စစ်ဆေးတာတွေလုပ်ရမယ်လို့ ကျွန်တော်တို့ကို ထုတ်ပြန်ထားပြီးသားရှိပါတယ်။ ပစ္စည်းပို့သူ၊ လက်ခံမယ့်သူတွေကအစ မှတ်ပုံတင်နံပါတ် စတဲ့ စနစ်တကျ လုပ်ရမယ်ဆိုတာကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကပဲ ထုတ်ပြန်ခဲ့တာပါ။ အဲဒီလိုမလုပ်ရင် အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့လုပ်ဖော်ကိုင်ဘက် ခရီးသည်တင်ယာဉ်ကြီးလုပ်ငန်းပဲ ဖြစ်ဖြစ်၊ ယာဉ်ငယ်လုပ်ငန်းပဲ ဖြစ်ဖြစ် ကိုယ့်ကားနဲ့တင်ပေးလိုက်တဲ့ပစ္စည်းဟာ ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာကို သေသေချာချာ စစ်ဆေးကြဖို့ အကြံပေးချင်ပါတယ်”ဟု အဝေးပြေးခရီးသည်တင်ယာဉ်လုပ်ငန်းရှင်တစ်ဦးက MT News ကတစ်ဆင့်အကြံပြု ပြောပြသည်။
လက်ရှိတွင် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့များက ကွင်းဆက်လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရသည်။