၂၉.၁၀.၂၀၂၄
Written By Zun
ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်တွင် အလုပ်အတူလုပ်သော မြန်မာနိုင်ငံသား ၄ ဦး အရက်သောက် စကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသောကြောင့် ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရမှု ယနေ့ နံနက်က ဖြစ်ပွားခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများတွင်ဖော်ပြထားသည်။
ယနေ့ အောက်တိုဘာ ၂၉ ရက် နံနက် ဒေသစံတော်ချိန် ၁၂ နာရီ ၁၀ မိနစ်ခန့်(အောက်တိုဘာ ၂၈ ရက် ည သန်းခေါင်ကျော်) အချိန်က ဘန်ကောက်မြို့၊ တလင်ချန်နယ်မြေ၊ ဘလုံလာချချွန်မနီလမ်းရှိ ကျောက်ပြား ထုတ်လုပ်သည့်စက်ရုံတွင် အလုပ်အတူလုပ်ကြသော မြန်မာနိုင်ငံသား ၄ ဦး အရက်အတူထိုင်သောက်ရာမှ စကားများရန်ဖြစ်ကြကာ အထက်ပါအတိုင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စကားများရန်ဖြစ်နေချိန် အသက် ၂၉ နှစ်အရွယ်ရှိ ထက်ဦး ဆိုသူက အသက် ၂၇ နှစ်အရွယ် ကျော်ခိုင်လင်း အား ဓားဖြင့် စတင်ထိုးပြီးနောက် အသက် ၂၇ နှစ်အရွယ် စိုးဖြိုးအောင် ကို ထပ်မံထိုးခဲ့သည့်အတွက် ယင်းတို့ နှစ်ဦးမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။
ရဲတပ်ဖွဲ့ကအခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးစဉ် ကျော်ခိုင်လင်းမှာ အင်္ကျီအဖြူ၊ ဘောင်းဘီခရမ်းရောင်ကို ဝတ်ဆင်၍ ဓားဒဏ်ရာများဖြင့် သွေးအိုင်ထဲတွင် သေဆုံးနေပြီး စိုးဖြိုးအောင်မှာ အင်္ကျီမဝတ်ဆင်ထားဘဲ သွေး အိုင်ထဲ လဲကျသေဆုံးနေသည်ကိုတွေ့ရကြောင်း ဒေသတွင်းသတင်းများက ဖော်ပြကြသည်။
အခြား အသက် ၂၅ နှစ်အရွယ် အာဒမ်(Adam)တွင်လည်း စိုးရိမ်ဒဏ်ရာများရရှိခဲ့သောကြောင့် ဘန်ကောက် လူမှု ကယ်ဆယ်ရေးအဖွဲ့က စိလိလာ့တ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယခုအခါ ဘန်ကောက် တာလိန်းမြို့မရဲစခန်းမှ ဓားဖြင့်ထိုးခဲ့သည့် ကျူးလွန်သူ အသက် ၂၉ နှစ်အရွယ် ထက်ဦး ကို ဦးခေါင်းဒဏ်ရာအချို့၊ ဓားနှစ်လက်တို့ဖြင့် ဖမ်းဆီးရမိထားပြီး ဒုရဲမှူးကြီး Banyat Chanasit က စုံစမ်းစစ် ဆေးမှုများပြုလုပ်ကာ အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။
Sources- khaosod , today.line