၂၉. ၁၀. ၂၀၂၄
Written by Nay Moe
နိုင်ငံ့ဝန်ထမ်းများကို CDM လုပ်ပါက ငွေကြေးထောက်ပံ့မည်ဟု စတင်လှုံ့ဆော်ခဲ့ကာ CDM ဝန်ထမ်းများကိုလည်း ဝိုင်းကြီးချုပ် CDM စနစ်ဖြင့် ငွေကြေးထောက်ပံ့ရာတွင် အလှူလက်ခံပါဝင်ခဲ့သော Page တစ်ခုဖြစ်သည့် Get Well Soon Myanmar Platform Page ၏ Admin သုံးဦးကို အောက်တိုဘာ ၂၇ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း အောက်တိုဘာ ၂၇ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Get Well Soon Myanmar Platform” Facebook Page အဖွဲ့ဝင်များဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း (အနောက်) ရပ်ကွက်နေ သူရထွန်းအား နံနက် ၁၀ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ဟိန်းထက်ဇော် (ခ) သားကြီးနှင့် ရဲဝင်းသူတို့အား မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“Get Well Soon Myanmar Platform” Facebook Page သည် ၂၀၂၁ နိုင်ငံရေးပဋိပက္ခဖြစ်စဥ်တွင် နိုင်ငံ့ဝန်ထမ်းများကို “ငွေကြေးထောက်ပံ့မည် CDM လုပ်ပါ”ဟု ဦးဆောင်သိမ်းသွင်းခဲ့သည့် Page တစ်ခုလည်းဖြစ်သလို အဆိုပါ CDM များကို Page ၁၉ ခု ပူးပေါင်းကာ ငွေကြေးအလှူခံ ပြန်လည်ထောက်ပံ့ခဲ့သော Page တစ်ခုလည်းဖြစ်သည်။