October 28, 2024

၂၈. ၁၀. ၂၀၂၄
Written by Thettant

ဟဲဟိုးတွင် ကထိန်ခင်းပြီး မန္တလေးသို့ ဘုရားဖူးထွက်လာသောယာဥ်တစ်စီး ရွာငံမြို့အနီးတွင် ပေ ၃၅၀ ခန့် အနက်ရှိ ချောက်အတွင်း ပြုတ်ကျရာမှာ ခုနစ်ဦးသေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းရုံးမှ ကနဦးသတင်းအရ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နေ့လယ်ပိုင်းအချိန်က ရွာငံ – ဟံမြင့်မိုရ်လမ်းပိုင်း ဒေသအခေါ် စခန်းကြီးအတက်အနီး၌ ဟဲဟိုးတွင် ကထိန်ခင်းကာ မန္တလေးမြို့သို့ ဘုရားဖူးရန်လာသော ရန်ကုန်မြို့မှ ခြောက်ဘီး Mini Bus ယာဥ်ဖြစ်သည့် ရွှေငှက်ဂူ၊ ဝိဇ္ဇာမဂ္ဂင်ဘိုးဘွားဓမ္မရိပ်သာမှယာဥ်မှာ အမြင့်ပေ ၃၅၀ ခန့်အနက် ချောက်အောက်သို့ ထိုးကျသွားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – ရွာငံမြို့နယ်ရုံးမှ သတင်းပေးပို့မှုအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းရုံးမှ ရှာဖွေကယ်ဆယ်ရေးယာဥ်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ထွက်ခွာကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

ဖြစ်စဥ်တွင် ယာဥ်ပေါ်ပါ ၂၈ ဦးအနက် မစိုးရိမ်ရ ထိခိုက်လူနာ ၁၄ ဦးနှင့် စိုးရိမ်ရလူနာ ခုနစ်ဦးကို တွေ့ရှိခဲ့ရသလို အမျိုးသမီး ငါးဦးနှင့် အမျိုးသား နှစ်ဦးကိုလည်း သေဆုံးလျက်သားတွေ့ရှိခဲ့ရသဖြင့် သေဆုံးဒဏ်ရာရသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဒဏ်ရာရသူ ၂၁ ဦးနှင့် သေဆုံးသူ ခုနစ်ဦးကို ရွာငံဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

“အနက်ပေ ၃၅၀ ကျော်ရှိ ချောက်ထဲကျသွားသော ကားထဲမှ အသက်ရှင်လျက် ၂၁ ဦး(စိုးရိမ်ရ ခုနစ်ဦး)အား ကယ်ဆယ်ပြီး သေဆုံးသူ ခုနစ်ဦးအား တောင်ပေါ်သို့ သယ်ထုတ်ပေးနိုင်ခဲ့ပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဥ်ကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ -မန္တလေးတိုင်းဒေသကြီးရုံးမှ ရှာဖွေကယ်ဆယ်ရေးယာဥ် ၂ စီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – ရွာငံမြို့နယ်ရုံးမှ အရေးပေါ်လူနာတင်ယာဥ် ၃ စီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – ကျောက်ဆည်မြို့နယ်ရုံးမှ အရေးပေါ်လူနာတင်ယာဥ် ၁ စီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မြို့ကြီး/ဆည်ရွာမှ အရေးပေါ်လူနာတင်ယာဥ် ၁ စီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – ဟံမြင့်မိုရ် မှ အရေးပေါ် လူနာတင်ယာဥ် ၁ စီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရွာငံမြို့နယ်မှ တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပရဟိတလူမှုကူညီရေးအသင်းများနှင့် သက်ဆိုင်ရာအဖွဲ့ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်ဟုလည်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီရုံးမှ သိရသည်။

ပုံစာ။ ချောက်ထဲပြုတ်ကျကာ သေဆုံးဒဏ်ရာရသူများကို ကူညီကယ်ဆယ်နေမှုမြင်ကွင်း (ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီရုံး)

Leave a Reply

Your email address will not be published. Required fields are marked *