October 28, 2024

၂၈.၁၀.၂၀၂၄
Written By Zun

အုပ်ချုပ်ရေးမှုးရုံးကို ဗုံးခွဲမည့် PDF သုံးဦးကို တင်ဆောင်မောင်းနှင်သည့် တက္ကစီယာဉ်မောင်းကို ဖမ်းမိထားပြီဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၂၇ ရက် ညနေ ၆ နာရီခွဲခန့်ကရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၆၂) ရပ်ကွက်၊ ပတ္တမြားလမ်း၊ အ.မ.က (၃၀)အနီးတွင် ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုကြောင့် PDF ၂ ဦးဒဏ်ရာဖြင့်လဲကျနေစဉ် အဖမ်းခံခဲ့ရကြောင်း MT News က ဖော်ပြခဲ့ပြီးဖြစ်သည်။

ယင်းဒဏ်ရာရသူနှစ်ဦးထဲမှ အသက် ၂၀ အရွယ် ပိုင်မင်းထက် ဆိုသူ၏ ထွက်ဆိုချက်အရ ပိုင်မင်းထက်၊ ဖိုးလပြည့်၊ ကရင်တို့ ၃ ဦးသည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဖောက်ခွဲရန်သွားရောက်စဉ် သယ်လာသော ဗုံးမှာ ကားပေါ်၌ ပေါက်ကွဲခဲ့ကြောင်း၊ ယင်းတွင် ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည့် ကရင် ဆိုသူမှာ ကားပေါ်မှ ဆင်းပြေးသွားကြောင်း သိရသည်။

အဆိုပါအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်စဉ် အသက် ၄၀ ခန့်အရွယ် ယာဉ်မောင်း ငွေစိုး၏ အငှားယာဉ်ကို ပိုင်မင်းထက်၏နေအိမ်မှ ဗုံးများသယ်ဆောင်ကာ ငှားသွားခြင်းဖြစ်ကြောင်းလည်း ၎င်းက ထွက်ဆိုကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က သိရသည်။

အငှားယာဉ်ပေါ်တွင် ဗုံးပေါက်ကွဲသွားသောကြောင့် ယာဉ်မောင်း ငွေစိုးက ဒဏ်ရာရနေသော ၎င်းတို့ ၂ ဦးကို အမက(၃၀) အနီးတွင် ပစ်ထားခဲ့ကြောင်းလည်း ပိုင်မင်းထက်က ထွက်ဆိုကြောင်း သိရသည်။

လက်ရှိတွင် အငှားယာဉ် AA/ 4000 တိုယိုတာကိုရိုလာအဖြူရောင်ကို မောင်းနှင်သူ ယာဉ်မောင်းငွေစိုးအား ပြည်ထောင်စုလမ်းနှင့် မေယုဝတီလမ်းထောင့်တွင် ၎င်းမောင်းနှင်သောယာဉ်နှင့်အတူဖမ်းဆီးရမိထားကြောင်းနှင့် ဖောက်ခွဲရေးသမား ကရင်ဆိုသူကို ပိုက်စိပ်တိုက် ရှာဖွေနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *