October 28, 2024

၂၈. ၁၀. ၂၀၂၄ / Written by Nay Moe

၁၀၂၇ စစ်ဆင်ရေးနှစ်ပတ်လည်နေ့ဖြစ်တဲ့ မနေ့က အောက်တိုဘာ ၂၇ ရက်မှာ TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ နောင်ချိုမြို့ကို ပေါင် ၃၀၀ ဗုံးနှစ်လုံးအပါအဝင် ဗုံး ၁၁ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က အခုညမှာ အတည်ပြုလာပါတယ်။

မနေ့က ည ၇ နာရီ ၄၅ မိနစ်အချိန် တိုက်ခိုက်မှုက နောင်ချိုမြို့နယ်၊ သပြေရပ်ကွက်က TNLA လက်နက်ကိုင်တွေ ခိုလှုံနေတယ်လို့ သတင်းရထားရာ အဆောက်အအုံတွေကို ပေါင် ၃၀၀ ဗုံးနှစ်လုံးနဲ့ ည ၈ နာရီ ၁၅ မိနစ်အချိန်မှာ ဗုံးကိုးလုံး စုစုပေါင်း ၁၁ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ အသက် ၆၀ ကျော်အမျိုးသားတစ်ဦးသေဆုံးပြီး အသက် ၅၀ ကျော်အမျိုးသမီး ဒဏ်ရာရခဲ့သလို အိမ်သုံးလုံးပျက်စီးတယ်ပြောပြီး ဒီသေဆုံးဒဏ်ရာရသူတွေကိုတော့ TNLA ထုံးစံအတိုင်း အရပ်သားလို့ပဲ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒီနေ့ အောက်တိုဘာ ၂၈ ရက် နံနက်အစောပိုင်း ၂ နာရီခွဲအချိန်ကလည်း မုံးစီးမြို့နယ် ရေပူစမ်းအနီး ဗုံးရှစ်လုံးထက်မနည်း လာရောက်ကြဲချခဲ့သလို အောက်တိုဘာ ၂၇ ရက်ကလည်း နမ့်ခမ်းမြို့ စခန်းသစ်အနီး ဗုံးနှစ်လုံး၊ မန်ဆာနတ်စင်ကုန်းနဲ့ လယ်ကွက်အနီး ဗုံးခြောက်လုံး ကြဲချခဲ့သေးတယ်လို့ TNLA က ပြောပါတယ်။

၂၀၂၄ စက်တင်ဘာ ၂ ရက်မှာ ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ဖော်ဆောင်တဲ့ MNDAA ၊ TNLA နဲ့ AA တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သလို တုံ့ပြန်တိုက်ခိုက်မှာမို့လို့ မသက်ဆိုင်တဲ့ပြည်သူတွေ အကြမ်းဖက်လက်နက်ကိုင်တွေအနီး မနေထိုင်ဖို့ တရားဝင်သတိပေးအပြီးမှာ လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်နေတာဖြစ်ပြီး ဒီစစ်ဆင်ရေးတစ်နှစ်ပြည့်နေ့မှာ လောက်ကိုင်က MNDAA လက်နက်ကိုင်တွေ အခြေပြုနေထိုင်တဲ့ ဟိုတယ်ဇုန်ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူလေးဦးဒဏ်ရာရခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *