October 28, 2024

၂၈.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတသစ်ဖြစ်တဲ့ ပရာဘိုဝို ဆူဘီယန်တိုက တည်ဆောက်နေဆဲဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၃၂ ဘီလျံကုန်ကျမယ့် နိုင်ငံရဲ့မြို့တော်သစ် နျူဆန်ထရာမှာ အဓိကကျတဲ့အစိုးရနဲ့ ပါလီမန်အဆောက်အအုံတွေ လာမယ့်လေးနှစ်အတွင်း ပြီးစီးဖို့လိုလားနေတယ်လို့ အင်ဒိုနီးရှား အစိုးရအဖွဲ့ ဝန်ကြီး ရာဂျာ ဂျူလီ အန်တိုနီက အောက်တိုဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

နျူဆန်ထရာ မြို့တော်သစ်စီမံကိန်းက အရင်သမ္မတ ဂျိုကို ဝီဒိုဒိုလက်ထက်မှာ စတင်ခဲ့တာပါ။ ဒီစီမံကိန်းအရ ပင်လယ်ရေမျက်နှာပြင်အောက် တစ်ဖြည်းဖြည်းနိမ့်ကျနေပြီး လူနေထူထပ်လှတဲ့ လက်ရှိမြို့တော် ဂျာကာတာမှ ကီလိုမီတာ ၁,၂၀၀ ခန့်ကွာဝေးတဲ့ ဘော်နီယိုကျွန်း ပေါ်က တောအုပ်တစ်ခုအလယ်မှာ အင်ဒိုနီးရှားအစိုးရရဲ့ ရုံးထိုင်မြို့ နျူဆန်ထရာကို တည်ဆောက်ဖို့ စီမံခဲ့တာပါ။

ရာဂျာ ဂျူလီက “သမ္မတအနေနဲ့ ၂၀၂၉ ခုနှစ်ကျရင် နောက်သမ္မတနဲ့ ဒုတိယသမ္မတတို့ နျူဆန်ထရာမှာ စတင် ရုံးထိုင်နိုင်ဖို့ မျှော်လင့်နေတယ်။ လာမယ့် လေးနှစ်အတွင်း နျူဆန်ထရာမှာ အစိုးရ အဆောက်အအုံတွေ၊ လွှတ်တော် အဆောက်အအုံတွေ၊ တရားရေးအဆောက်အအုံတွေ ပြီးစီးဖို့ ကျွန်တော်တို့ ဆောင်ရွက်ကြရမယ်” လို့ ပြောခဲ့ပါတယ်။

မြို့တော်သစ် စီမံကိန်းအပေါ် သံသယဖြစ်ပြောကြားမှုတွေရှိနေပေမယ့် သမ္မတ ပရာဘိုဝိုရဲ့ ခုလို ဆန္ဒရှိတယ်လို့ထုတ်ဖော်ပြောကြားချက်က သူ့အနေနဲ့ ရွေးကောက်ပွဲမှာ သူ့ကို ထောက်ခံမှုပြုခဲ့တဲ့ သမ္မတဟောင်း ဂျိုကို ဝီဒိုဒိုရဲ့လုပ်ဆောင်ချက်အတိုင်း လိုက်လံဆောင်ရွက်မယ်လို့ ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။

နျူဆန်ထရာမှာ သမ္မတနန်းတော်နဲ့ တချို့အစိုးရအရာရှိတွေရဲ့ အိမ်ရာတွေလို အဓိကကျတဲ့ အစိုးရအဆောက်အအုံတချို့ကို မကြာခင်က ပြီးစီးခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဖြတ်သန်းမောင်းနှင်ခပေးရတဲ့ လမ်းမကြီးတွေနဲ့ လေဆိပ်တည်ဆောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်နေဆဲပါ။

၂၀၂၂ ခုနှစ်မှာ စတင်ခဲ့တဲ့ မြို့တော်သစ်စီမံကိန်းကို သွက်လက်မြန်ဆန်စေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရာမှာတော့ ဒီစီမံကိန်းက အခက်အခဲများစွာရင်ဆိုင်ခဲ့ရပါတယ်။ အစိုးရကလည်း ဒီစီမံကိန်းအတွက် ဘဏ္ဍာငွေအသုံးစရိတ်ရဲ့ ငါးပုံတစ်ပုံကိုသာ ခွင့်ပြုထားတာပါ။ ဒီစီမံကိန်းမှာ ပထမဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအနေနဲ့ စက်တင်ဘာလအတွင်းကမှ တရုတ်အိမ်ရာကုမ္ပဏီတစ်ခုဖြစ်တဲ့ Delonix Group က ဟိုတယ်နဲ့ ရုံးတွေစတင်တည်ဆောက်ဖို့ ရူပီးငွေ ဘီလျံ ၅၀(အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၈ သန်း) စတင်ရင်းနှီးမြှုပ်နှံခဲ့တာပါ။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *