October 28, 2024

MT News
၂၈. ၁၀. ၂၀၂၄

ယခုနှစ်တွင် ပြန်လည်ကျင်းပမည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို လာမည့် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်စေရန်နှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန်ရည်ရွယ်၍ ဝန်ကြီးဌာနအဆင့်တွင် အားကစားနည်းခြောက်မျိုးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း ၂၃ မျိုးဖြင့် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

လက်ရှိတွင် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် အခြေခံပညာကျောင်းများမှ ကျောင်းသူဦးရေ ၃၀၀ တို့က ပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် “ လှပချစ်စရာ တို့ရွှေ မြန်မာ” သီချင်းဖြင့်လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားတွင် “ရွှေပြည်တော်သို့ တို့အတူ” သီချင်းဖြင့် လည်းကောင်း အကအလှများဖြင့် တွဲဖက်၍ ပါဝင်ဖျော်ဖြေ တင်ဆက်သွားရန် လေ့ကျင့်နေကြသည်။

ယခုကျင်းပမည့် အားကစားပွဲတော်သည် ပြည်တွင်း၌ ကျင်းပသည့် ပွဲတော်ဖြစ်သော်လည်း နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည်နှင့်အညီ ဖွင့်ပွဲ၊ ပိတ်ပွဲများတွင် ကဏ္ဍအလိုက်နယ်ပယ်အသီးသီးမှ လူဦးရေ ၁၂၀၀ ကျော်ဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားကို ကျောင်းသား ကျောင်းသူများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများအပြင် တိုင်းဒေသကြီး၊ ပြည်နယ်အလံများနှင့် အမျိုးသားအားကစားပွဲတော်အလံကို Free Fall ဖြင့် ကွင်းအတွင်းသယ်ဆောင်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာပြကွက်များ၊ မီးရှူးမီးပန်း အလှဆင် ပစ်ဖောက်ခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အမျိုးသားအားကစားပွဲတော်ကို ယခင်အစိုးရအဆက်ဆက်က ကျင်းပပေးခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ်တို့ကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်၌ ခမ်းခမ်းနားနား ကျင်းပခဲ့ကာ ယခု ၂၀၂၄ ခုနှစ်တွင် ကျင်းပမည်မှာ ပဥ္စမအကြိမ်ဖြစ်သည်။

၁၀ နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပနိုင်သော ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲတွင် အားကစားနည်း ၆ နည်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အားကစားနည်း ၂၃ နည်းဖြင့် ခန့်မှန်းအားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားကြောင်းလည်း SAC ဒုဥက္ကဋ္ဌက ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *