October 28, 2024

၂၈.၁၀.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့အဝင်၊အောင်ပန်း – ကလောလမ်း တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုရုံးဘေး မယ်ခိုတောင်အတက်လမ်း၌ သားအမိနှစ်ဦးကို ရိုက်နှက်လုယက်ကာ သတ်ဖြတ်မှုမှ ကျုးလွန်ခဲ့သော အမျိုးသား နှစ်ဦးကို မိတ္ထီလာမြို့နယ်တွင် အောက်တိုဘာ ၂၆ရက်က ဖမ်းမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဥ်မှာ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းက အောင်ပန်းမြို့အဝင်၊ အောင်ပန်း- ကလောလမ်း တောင်ရိုးစာပေနှင့် ယဥ်ကျေးမှုရုံးဘေး မယ်ခိုတောင်အတက်လမ်းတွင် ဆိုင်ကယ်ရပ်၍ နားနေသော သားအမိနှစ်ဦးကို အမျိုးသားနှစ်ဦးက ကျောက်ခဲထည့်ထားသော လွယ်အိတ်ဖြင့် ရိုက်နှက်ပြီး ဆိုင်ကယ်နှင့် ​ရွှေ ထည်ပစ္စည်းများကို လုယူခဲ့ခြင်းဖြစ်သည်။

ရိုက်နှက်ခံရသော အသက် ၄၆ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်နီလာထွေးမှာ ရရှိသော ဦးခေါင်းနောက်စေ့နှင့် နဖူး ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ပြီး သားဖြစ်သူ အသက် ၂၀ ကျော်အရွယ် ကိုဟန်မြင့်ကျော်တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည့်ဖြစ်စဥ်ဖြစ်သည်။

“ကျုးလွန်တဲ့ နှစ်​ယောက်လုံးကို မိတ္ထီလာမှာ ပြန်မိတာ။လူလတ်ပိုင်းတွေလို့ သိရတယ်။ ဆိုင်ကယ်ကိုလည်း ပြန်ရတယ်။ အောင်ပန်းမှာ ရိုက်နှက်ပြီး ပစ္စည်းလု လူသတ်တာ တစ်ခါမှမကြားဖူးဘူး “ဟု အောင်ပန်းဒေသခံတစ်ဦးက ပြောသည်။

ဖမ်းမိသူနှစ်ဦးကို မိတ္ထီလာမြို့နယ်မှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး အောင်ပန်းမြို့မရဲစခန်းတွင်ဖမ်းဆီးကာ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *