October 28, 2024

၂၈. ၁၀. ၂၀၂၄
Written by Nay Moe

NUG ၏ PDF များက BNRA တပ်ဖွဲ့ဝင် ၂၂ ဦးနှင့် ပြည်သူများစွာကို ဖမ်းဆီးသွားမှုသည် အဓမ္မ ကြီးနိုင်ငယ်ညှင်းမှုဖြစ်၍ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး ဝန်းရံပေးရန်အတွက် ပြည်သူများကို BNRA က ပန်ကြားချက် ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၁၈ ရက်နေ့က NUG၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ် (၁) စစ်ဒေသ၏ ရွှေဘိုခရိုင်တပ်ရင်း (၃) က ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တပ်ရင်း (၅)၊ တပ်ခွဲ (၃) မှ ရဲဘော် (၂၂) ဦးနှင့်အတူ BNRA အား ထောက်ခံဝန်းရံပေးသူပြည်သူများကို အင်အားသုံးဖမ်းဆီးသွားခဲ့သည်။

BNRA တပ်ဖွဲ့များအနေဖြင့် လအတန်ကြာ ပိတ်ဆို့ပြုလုပ်နေသောစစ်ဆင်ရေးတစ်ခုအတွက် အပြီးသတ်ဆင်နွှဲရန် လှုပ်ရှားနယ်မြေအသီးသီးမှ အင်အားများထပ်မံထုတ်နုတ်၍ ခေါ်ယူချိန် ခင်ဦးမြို့နယ် ကံသာရွာတွင် လူ/လက်နက် အနည်းငယ်သာကျန်ရှိခဲ့သော တပ်ခွဲမှ ရှေ့တန်းတိုက်ပွဲအတွင်း ကျဆုံးရဲဘော်များအတွက် သေနတ်သုံးချက်ပစ်ဖောက်ကာ ဦးညွှတ်အလေး ပြုသည့်ဖြစ်စဉ်ကို ၎င်းတို့အားအသိမပေးဟူ၍အကြောင်းပြကာ NUG ၏ PDF များက ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။

BNRA ကိုဝန်းရံသော ပြည်သူ့အချို့မှာ ဖြစ်စဥ်ဖြစ်ပွားသောကျေးရွာမှ အခြားကျေးရွာသို့ ရှောင်တိမ်းသော်လည်း ထိုကျေးရွာသို့ထပ်မံလာရောက်ကာ အကြောင်းမဲ့ဖမ်းဆီးပြီး လက်ခံသည့်အိမ်ရှင်အမျိုးသမီးကိုလည်း လက်ခံသည့်အတွက်ဟု ခေါင်းစဥ်ဖြင့် ဒဏ်ငွေ (၅၀၀၀၀) နှင့် တစ်နာရီထိပ်တုံးခတ် မတရားပြစ်ဒဏ်ပေးခံခဲ့ရသည်။ မည်သည့်အတွက်ဟု ရေရေရာရာမေးသော်လည်း သေချာစွာမဖြေကြားသောကြောင့် ပြည်သူအပေါ် ထီမထင် ကြီးနိုင်ငယ်ညှဉ်းသဘောပင်ဖြစ်နေခဲ့သည်ဟုလည်း BNRA က ဆိုသည်။

ထိုသို့ဖမ်းဆီးပြီးနောက် ရိုက်နှက်နှိပ်စက်မှုကြောင့် BNRA စခန်းတာဝန်ခံနှင့်၊ တပ်ခွဲမှူးမှာ အပြင်းအထန်ဒဏ်ရာရရှိထားပြီး ဆေးကုသမှုခံယူနေရကြောင်းလည်း စုံစမ်းသိရှိရကာ ဖြစ်စဉ်အတွက် BNRA အကြီးအကဲတာဝန်ရှိသူများမှ တွေ့ဆုံဖြေရှင်းနိုင်ရန် မြို့နယ်၊ ခရိုင် အဆင့်ဆင့်အပါအဝင်၊ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသအထိ တရားဝင်စာပို့တောင်းဆိုထားသော်လည်း ဖြေရှင်းခွင့်မရသေးသည့်အပြင် BNRA ရဲဘော်များနှင့် ဖမ်းဆီးခံပြည်သူများအား လုံခြုံရေးအကြောင်းပြကာ တွေ့ဆုံခွင့်ပင်မရရှိသေးကြောင်းလည်း ဖော်ပြထားသည်။

၎င်းဖြစ်စဉ်မတိုင်မှီ မရှေးမနှောင်းကာလအတွင်း BNRA အထိုင်ချထားသည့်ဒေသ၌ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသလက်အောက် ယင်းမာပင်ခရိုင်တပ်ရင်း (၄) ရင်းမှူး ဇင်ကို၏ ရဲဘော်ဝေလင်းထက်မှ ခွင့်ဖြင့်ပြန်လာစဉ် အရက်မူး ၍ ကျေးရွာအတွင်းသေနတ် (၉) ချက်ပစ်ဖောက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး BNRA ဒေသတာဝန်ခံမှ သက်ဆိုင်ရာကျူးလွန် သူ ရဲဘော်၏အကြီးအကဲများထံ ဆက်သွယ်‌အပ်နှံပေးခဲ့သည်။

ပြဿနာကိုလုပ်ထုံးလုပ်နည်းအရ ဖြေရှင်းလိုပါမူ ထိုသို့အကြီးအကဲချင်း ဆက်သွယ်ဖြေရှင်းရမည်သာဖြစ်ပြီး ယခုဖြစ်စဉ်တွင် တပ်ခွဲ၏နောက်ကျန်ရဲဘော်အားလုံး ဖမ်းဆီးခြင်း၊ ရပ်တည်ပေးသူပြည်များကိုပါ ဖမ်းဆီးခြင်းသည် ပြဿနာကိုရှင်းလိုသည်ထက် အဖွဲ့အစည်းအား ရှင်းလိုသည့်သဘော သက်ရောက်နေသည်ဟု ယူဆမိသည်ဟုလည်း BNRA က ပြောသည်။

ထို့ပြင် ဖမ်းဆီးပြီးချိန်မှ ခုခံပစ်ခတ်ရန် မိုင်းထောင်ဖောက်ခွဲရန် ကြံစည်ပြောဆိုသည်ဟုလည်း စွပ်စွဲအကြောင်းပြချက်ပေးခဲ့သော်လည်း ဂိတ်စခန်းလုံခြုံရေးအရ မူလမိုင်းခင်းထားသည်မှလွဲ၍ ခုခံပစ်ခတ်မှုတစ်ချက်မျှ၊ မိုင်းတစ်လုံးမျှဖောက်ခွဲမှုမရှိဘဲ အေးအေးဆေးဆေးဖြေရှင်းရန်လိုက်ပါသည်ကိုလည်း တွေ့ရှိရသည်။ လက်အောက်ငယ်သားများမှ အမှန်တကယ် ထိုသို့ကြံစည်သည်ဆိုလျှင်ပင် ကျွန်ုပ်တို့တပ်၏အကြီးအကဲများကို အသိပေးဆက်သွယ်ဖြေရှင်းရမည်သာဖြစ်ကြောင်း၊ BNRA ရဲဘော်သေနတ်ဖောက်မှု၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှ ရဲဘော်သေနတ်ဖောက်မှုနှင့် နှစ်ဖက်အဖွဲ့အစည်းမှ ပြဿနာဖြေရှင်းပုံအားလည်း နှိုင်းယှဉ်သုံးသပ်ပေးကြစေလိုကြောင်း၊ ယခုလုပ်ရပ်သည် ပြဿနာထက် ပိုမိုချဲ့ကားခြင်း၊ ဖြေရှင်းခွင့်မပေးဘဲ အချိန်ဆွဲလှီးလွှဲခေါင်းရှောင်ခြင်းစသည့် ယခင်ဖြစ်စဥ်များအတိုင်းပင် တာဝန်ယူမှု/တာဝန်ခံမှုမရှိ တရားမျှတမှုကင်းမဲ့ပြီး အဓမ္မသဘော ကြီးနိုင်ငယ်ညှင်းအဓိပ္ပာယ်ဆောင်သည်ဟုမှတ်ယူကြောင်း၊ ထို့ထက် ယခုအတိုင်းသာဆက်သွားနေမည်ဆိုပါက ယင်းဖြစ်စဉ်သည် ၎င်းတို့အစိုးရအမည်ယူထားသည့်အဖွဲ့အစည်းကြီးမှ BNRA အပေါ် ကျူးလွန် သည်ဟုသာ မှတ်ယူရန်မျှမကဘဲ အဓမ္မဝါဒနှင့်ကြီးနိုင်ငယ်ညှဥ်းစနစ်အောက်မှ လွတ်မြောက်ရန်ကြိုးစားနေကြရသည့် ကျွန်ုပ်တို့နိုင်ငံအတွင်းတွင် နောက်ထပ်အဓမ္မဝါဒနှင့် ကြီးနိုင်ငယ်ညှဥ်းဝါဒသမားများ အရံသင့်ထွန်းကားပေါ်ပေါက်နေသည့်သဘော ပိုမိုဆောင်လာနေခြင်းဖြစ်သည်ကိုလည်း အားလုံးမှ သတိပြုစေလိုကြောင်း၊ သို့ဖြစ်ပါ၍ အဓမ္မဝါဒနှင့်လုပ်ရပ်ဟူသမျှတွန်းလှန်ရန်သည် မိမိတို့တာဝန်ဟုမှတ်ယူ၍ တရားမျှတလွတ်လပ်ငြိမ်းချမ်းမှုအတွက်တိုက်ပွဲဝင်နေကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးအပါအဝင် ပြည်သူများအနေဖြင့် မတရားဖမ်းဆီးခံထားရသော BNRA ရဲဘော်များနှင့် ဝန်းရံသူပြည်သူများအား အမြန်ပြန်လွှတ်ပေးရေး၊ တရားမျှတစွာဖြင့် အမြန်ဖြေရှင်းခွင့်ရရှိရေး ဝိုင်းဝန်းရပ်တည်တောင်းဆိုပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံတိုက်တွန်းအပ်သည်ဟုလည်း BNRA က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *