October 28, 2024

၂၈.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး အာဆန် အိတ်ချ်မန်ဆူက ဖြုတ်ချခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဟာ အာဏာရရှိထားတုံးက နိုင်ငံရဲ့ စစ်ထောက်လှမ်းရေးနဲ့ ပူးပေါင်းပြီး ဘဏ်လုပ်ငန်းကဏ္ဍမှဒေါ်လာ ၁၇ ဘီလျံခိုးယူခဲ့ရာမှာ လူသိများတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်း ပါဝင်နေတယ်လို့ အောက်တိုဘာလ ၂၈ ရက်မှာ စွပ်စွဲပြောကြားခဲ့ပါတယ်။

ရှိတ်ဟာစီနာ ဝန်ကြီးချုပ်ရာထူးစွန့်လွှတ်ခဲ့ရပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ်ဘဏ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ မန်ဆူကို Financial Times သတင်းစာက အောက်တိုဘာ ၂၈ ရက်မှာ တွေ့ဆုံ မေးမြန်းစဥ် စစ်တပ်ထောက်လှမ်းရေး ညွှန်ကြား ရေးမှူးချုပ်ကလည်း ခုလို အဓိကဘဏ်တွေက ငွေလွှဲ ပြောင်းထုတ်ယူခဲ့တာမှာ အရေးပါသူဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

မန်ဆူရဲ့ ပြောကြားချက်အရတော့ တာကာငွေ ကုဋေ ၂၀၀,၀၀၀(အ‌မေရိကန်ဒေါ်လာ ၁၆ ဒသမ ၇ ဘီလျံ) နီးပါးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင်ဘက်ကို လွှဲပြောင်းခဲ့ရာမှာ အသစ်စက်စက်တည်ထောင်ခဲ့တဲ့ ဘဏ်အစုရှယ်ယာတွေနဲ့ ဈေးနှုန်းကြီးမြင့်တဲ့ သွင်းကုန်ဈေးနှုန်းစာရင်းတွေကနေတစ်ဆင့် ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ဆူက “ဒါက နိုင်ငံတကာအဆင့်နဲ့ကို ဘဏ်တွေကို အကြီးမားဆုံး ဓားပြတိုက်ခဲ့တာလို့ ဆိုရမှာပဲ။ ဒီလို လုပ်ရပ်မှာ ဘဏ်အလုပ်အမှုဆောင်တွေရဲ့ ခေါင်းတွေကို စစ်ထောက်လှမ်းရေးကလူတွေက သေနတ်နဲ့ချိန်ပြီးဒီလို လုပ်ပါလို့ အမိန့်မပေးဘဲနဲ့ မဖြစ်နိုင်ဘူး” လို့လည်း ပြောခဲ့ပါသေးတယ်။

ဒီမှာ မန်ဆူက ပြည်ပသို့ ငွေတွေလွှဲပြောင်းယူရာမှာ S Alam Group ကုမ္ပဏီကဆိုရင် အနည်းဆုံး ဒေါ်လာ ၁၀ ဘီလျံလောက်ကို စစ်ထောက်လှမ်းရေးအကူအညီနဲ့ ဘဏ်လုပ်ငန်းက လွှဲပြောင်းရယူခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် S Alam Group ကုမ္ပဏီကတော့ မန်ဆူရဲ့စွပ်စွဲပြောကြားချက်တွေက လုံးဝမှန်ကန်မှုမရှိဘူးလို့ ငြင်းဆိုသွားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးညွှန်ကြားရေးမှူးရုံးကိုတော့ Financial Times သတင်းစာက ဒီကိစ္စနဲ့ပတ်သက်လို့ဝေဖန်‌ပြောကြားဖို့မေးမြန်းခဲ့ရာမှာ တစ်စုံတစ်ရာမတုံ့ပြန်ခဲ့ပါဘူး။ Financial Times သတင်းစာအနေနဲ့ စစ်ဖက်ထောက် လှမ်းရေးကိုတော့ မေးမြန်းမှုမပြုနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

S Alam Group ကုမ္ပဏီ တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Saiful Alam ရဲ့ ဘဏ်စာရင်းထံ အဓိကဘဏ်ကြီးတွေအနေနဲ့ သူတို့ရဲ့အစုရှယ်ယာတွေရောင်းချပေးဖို့ အကျပ်ကိုင်၊ ခြိမ်းခြောက်တာလည်းခံခဲ့ရတယ်လို့ မန်ဆူက ဆိုခဲ့ပါတယ်။

ဒါ့ပြင် မန်ဆူက ဟာစီနာအစိုးရလက်ထက်ကနေ လွှဲပြောင်းမှုပြုလာတဲ့ထဲက ဘဏ်အကြွေးတွေကို မဆပ်နိုင်ဖြစ်နေတဲ့ ဘဏ်တစ်ဒါဇင်ရဲ့ စာရင်းအင်းတွေကိုလည်းစစ်ဆေးကာ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ခိုးယူဆုံးရှုံးခဲ့တဲ့ ရန်ပုံငွေတွေကို ပြန်လည်ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။

Ref- Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *