၃. ၁၂. ၂၀၂၃
MT News Editorial
၁။
လွတ်လပ်ရေးရပြီးချိန်မှ စိန်ရတုကာလအချိန်အထိ မြန်မာနိုင်ငံ၏ စိတ်ပျက်စရာအကောင်းဆုံးအောင်မြင်မှုမှာ ပြည်တွင်းစစ်ဖြစ်ပေသည်။
ကမ္ဘာ့နိုင်ငံများအနက် သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ကို ဦးနှောက်မသုံးသော လက်နက်ဖြင့်သာ အတ္တ၊ မာန မချဘဲ ဖြေရှင်းနေကြရာ အကျိုးဆက်မှာ တပ်မတော်အင်အားကောင်းလာပြီး မည်သည့် EAOs ကမျှ ဩဇာကြီးမလာသည့်အပြင် တပ်က အပြင်းအထန်တိုက်ခိုက်သည်နှင့် ကယ်ပါယူပါ ကမ္ဘာပတ်အော်ရသည်ချည်းသာ အဖတ်တင်ပေသည်။
ဒီမိုကရေစီအကူးအပြောင်းကာလ EAOs အကုန်လုံးပေါင်းကြသည့်ပင် ၅၀၀၀၀ မပြည့်သည့်အခြေအနေမှ နွေဦးတော်လှန်ရေးကြောင့် PDF နှင့် စုပေါင်းကာ အင်အား နှစ်သိန်းအောက် ဖြစ်လာသော်ငြား လခရ တကယ်ချသည်နှင့်တစ်ပြိုင်နက် မျက်ရည်စက်လက်ဖြင့် လေယာဥ်လက်နက်ရပ်တန့်စေရေး အော်နေရသည်မှာလည်း ကမ္ဘာ့အမြင်ဖြစ်၍ ထိုသို့သော အားမတန်မှုအပေါ် စဥ်းစားဉာဏ်သုံးကာ တွေ့ဆုံညှိနှိုင်းခြင်းနည်းလမ်းဖြင့်
အသာစီးပြန်ယူချိန်တန်ပြီဖြစ်ပေသည်။
၂။
ဤသို့သော ပြည်တွင်းစစ်အပေါ် အချို့သည်လည်း ဗိုလ်ချုပ်သာရှိပါက ပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်သလို တိုင်းပြည်သည်လည်း ယခုထက်ပို တိုးတက်မည်ဟု ခန့်မှန်းကြပေသည်။ သို့သော် အထင်ရှိသည်မှအပ “ဗိုလ်အောင်ဆန်း”လို သူရဲကောင်းများ မွေးကြရမည်ဆိုသော်ငြား အောင်ဆန်းစိတ်ဓာတ်ကို နားမလည်ခဲ့ကြသည်က ဆိုးရွားလှပေသည်။
ဗိုလ်ချုပ်သာရှိပါက အဘယ့်ကြောင့် ပြည်တွင်းစစ်ချုပ်ငြိမ်းမည်ယူဆကြသနည်းဆိုလျှင်မူ နိုင်ငံကောင်းမည်ဆိုပါက မည်သူ့ဖြစ်စေ ပေါင်းစည်းဆောင်ရွက်နိုင်သည့် သူ၏ စိတ်ဓာတ်ကြောင့်ဖြစ်ပေသည်။ သူသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ပြီး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းရန် တရုတ် အမွိုင်(ယခု Xiamen)ရောက်ခဲ့သော်ငြား တရုတ်နှင့် မဆက်သွယ်နိုင်သည့် အောင်ဆန်း ဂျပန်သို့ပြောင်းကာ စစ်ပညာသင်ခဲ့နိုင်ခြင်း၊ အင်္ဂလိပ်ကိုနှင်ထုတ်ရန် ဂျပန်နှင့်ပေါင်းခဲ့ခြင်း၊ ဂျပန်ကိုနှင်ထုတ်ရန် အင်္ဂလိပ်နှင့်ပေါင်းခဲ့ခြင်းနှင့် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရရန်ကိုမူ ပြည်သူနှင့် နိုင်ငံ သွေးမြေမကျဘဲ ကြိုးစားနိုင်ခဲ့ခြင်းကဲ့သို့သော အချက်များအပါအဝင် မိမိနိုင်ငံအကျိုးရှိမည်ဆိုပါက မည်သူနှင့်ဖြစ်စေ ပူးပေါင်းကာ မိမိရည်မှန်းချက်ပြည့်ဝစေအောင် ကြိုးစားတတ်သည့် စွမ်းရည်များကြောင့်လည်း ယူဆကြခြင်းဖြစ်နိုင်ပေသည်။
နိုင်ငံအကျိုးဖြစ်မည်ဆိုပါက ရန်သူနှင့်ပင် လက်တွဲမည့် ဗိုလ်ချုပ်စိတ်ဓာတ်အား သမီးဖြစ်သူရခဲ့ပါက ယနေ့ဖြစ်ပျက်နေကြသည့် နိုင်ငံနှင့်ပြည်သူ ထိခိုက်နစ်နာကြသည့် ဖြစ်ရပ်များပင် ဖြစ်လာမည်မဟုတ်ဟုလည်း ယူဆမိပေသည်။
၃။
တိုးတက်သော ကမ္ဘာ့နိုင်ငံများတွင် ပါတီနှင့် မိမိကိုယ်ကျိုးသာကြည့်သော နိုင်ငံရေးသမား(Politician) များကြောင့် ပြောင်းလဲသည့်ထက် တိုင်းကျိုးပြည်ပြုနိုင်ငံရေးသုခမိန်(Statesman) များကြောင့်သာ ပြောင်းလဲခဲ့ခြင်းဖြစ်ပေသည်။
စင်ကာပူသည် လီကွမ်ယု၊ တရုတ်တွင် တိန့်ရှောက်ဖိန်၊ တောင်အာဖရိကတွင် နယ်လ်ဆင်မင်ဒဲလား၊ အမေရိကန်တွင် အေဗရာဟမ်လင်ကွန်း စသည့်ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့ပြီး ထိုနိုင်ငံများ၏ တိုးတက်မှုများမှာ ထိုပုဂ္ဂိုလ်များ၏ မျိုးစေ့မှန်မှုကြောင့်သာဖြစ်သော်ငြား မြန်မာနိုင်ငံသည်ကား အချိန်မတန်မီကြွေလွင့်ရသည့် ဗိုလ်ချုပ်အောင်ဆန်းနောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားချည်းကြုံကာ ပါတီနှင့် မိမိကိုယ်ကျိုး မိမိအစုအဖွဲ့အကျိုးအတွက် မရိုးသားသောခေါင်းဆောင်များသာ ပေါ်ထွန်းခဲ့သည်မှာလည်း မြန်မာ့ကံဆိုးမှုဖြစ်ပေသည်။
၄။
ထိုသို့သော ကံဆိုးမှုများသည် ယနေ့ကာလတွင်မတော့ ရပ်တန့်သင့်ပြီဖြစ်ပေသည်။ မနိုင်နိုင်သော တိုက်ပွဲများ ဆက်တိုက်နေမည့်အစား၊ မျက်ရည်ခြူ ငွေခြူစားသည့် အလှုခံတော်လှန်ရေးများ ဆက်လုပ်နေမည့်အစား ကိုယ်ကျိုးရှာ ထိုတော်လှန်ရေးများ ရပ်တန့်ကာ ဒီမိုကရေစီဖက်ဒရယ်(ဖက်ဒရယ်ဒီမိုကရေစီ) သွားမည်ဆိုသည့် လားရာတူညီလက်နက်ကိုင်အားလုံးအနေဖြင့် အောင်ဆန်းထုံး နှလုံးမူကာ တူသည်များကို ပေါင်းလုပ်ခြင်း၊ မတူညီသည်များကို စားပွဲဝိုင်းတွင် ဆွေးနွေးခြင်းဖြင့် မနက်ဖြန်ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးမှစကာ ဆင့်ကဲတိုးတက်မှုဖြင့် ဒီမိုကရေစီဖက်ဒရယ်အဖြေကို ရှာကြပါရန်လည်း MT News သတင်းဌာနက တိုက်တွန်းလိုပါသည်။