October 28, 2024

၂၈.၁၀.၂၀၂၄
Written By Zun

PDF သုံးဦးက မိုင်းဖောက်ခွဲရန် ကားတစ်စီးဖြင့်သွား‌ရောက်စဉ် ကားပေါ်တွင်မိုင်းပေါက်ကွဲ၍ နှစ်ဦး ဒဏ်ရာရကာ တစ်ဦးမှာ စိုးရိမ်ရကြောင်းနှင့် ကျန်သည့်ဒဏ်ရာအနည်းငယ်သာရရှိသူမှာ ထွက်ပြေးသွားကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို အတည်ပြုပြောဆိုသည်။

“အသေးစိတ်က စစ်နေကြတယ်။ လောလောဆယ်တော့ ဖြစ်စဉ်မှန်တယ်လောက်ပဲ ပြောလို့ရပါတယ်”ဟု ယင်း နီးစပ်သူက ဆိုသည်။

ယမန်နေ့ အောက်တိုဘာ ၂၇ ရက် ညနေ ၆ နာရီခွဲခန့်ကရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၆၂) ရပ်ကွက်၊ ပတ္တမြားလမ်း၊ အ.မ.က (၃၀)အနီးတွင် အထက်ပါအတိုင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနေရာ အနီးတွင် အမျိုးသားနှစ်ဦး ဒဏ်ရာများဖြင့်လဲကျနေကြောင်းသတင်းအရ သက်ဆိုင်ရာကသွားရောက် စစ်ဆေးခဲ့ရာ အမျိုးသားနှစ်ဦး လမ်းဘေး၌ ဒဏ်ရာများဖြင့်လဲကျနေသည်ကိုတွေ့ရပြီး တစ်ဦးမှာစိုးရိမ်ဒဏ်ရာရရှိ ထားကြောင်း သိရသည်။

အခြားတစ်ဦးမှာ ဒဏ်ရာရသော်လည်းစကားပြောနိုင်ကြောင်း၊ ၎င်းတို့ နှစ်ဦးက မိုင်းဖောက်ခွဲရန်အသွား ကားပေါ်မှာ မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကားပေါ်တွင် လိုက်ပါလာသည့် ၃ ဦးထဲမှ ဒဏ်ရာအနည်းငယ်သာရရှိသူအမျိုးသားတစ်ဦး(စိစစ်ဆဲ)မှာ ကားနှင့်အတူထွက်ပြေးသွားကြောင်းသိရသည်။

ဒဏ်ရာရသူနှစ်ဦးမှာ ဒဂုံမြို့သစ်-ဆိပ်ကမ်းမြို့နယ်၊ ၇၈ ရပ်ကွက်၊ သစ္စာလမ်းရှိ အဆောင်တစ်ခု၌နေထိုင်သူ အသက် ၂၉ နှစ်အရွယ် ဖိုးလပြည့်ဆိုသူနှင့် ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက်၊ ယုဇနဥယျာဉ်အိမ်ရာ၊ B ဘလောက် တိုက်ခန်းတစ်ခု၌ နေထိုင်သူ အသက် ၂၀ အရွယ် ပိုင်မင်းထက် ဆိုသူတို့ဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရသူ နှစ်ဦးအနက် ဖိုးလပြည့်ဆိုသူတွင် ဝဲဘက်လက်ကောက်ဝတ် ပြတ်ထွက်ဒဏ်ရာ၊ လက်ယာလက်ချောင်းများ ပြတ်ထွက်ဒဏ်ရာ၊ လက်ယာပေါင်ပေါက်ပြဲ ဒဏ်ရာရရှိကာ စိုးရိမ်ရကြောင်းနှင့် ပိုင်မင်းထက် ဆိုသူတွင် ခြေထောက်နှစ်ဖက်လုံးပေါက်ပြဲဒဏ်ရာများရရှိကာ မစိုးရိမ်ရကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရသူများအား သက်ဆိုင်ရာက ဆေးကုသမှုပြုလုပ်ပေးလျက်ရှိပြီး စစ်ဆေးဖော်ထုတ်မှုလုပ်ဆောင်နေကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *