October 28, 2024

၂၈. ၁၀. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၂၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ယနေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဒေါ်လာကို သန်းနှင့်ချီအလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ နှစ်လခွဲကျော်အတွင်း ဒေါ်လာ ၂၁၅ သန်းခွဲကျော်၊ ထိုင်းဘတ် ၇၆၀ သန်းရောင်းပေးခဲ့သလို တရုတ်ယွမ် ၃၈ သန်းကျော် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁,၀၀၀ ကျော် (ဒေါ်လာတစ်ဘီလျံကျော်) ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာထားသည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် ယနေ့တွင် တစ်ဒေါ်လာ ၄၇၀၀ ကျပ်အထိ ကျဆင်းလာခဲ့သည်။ ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးနှုန်း ဆွဲတင်ကာ ရွှေဈေးနှုန်း ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်မှုရှိနေသော်လည်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းနေမှုကြောင့် ဒေါ်လာဈေးနှုန်း ၅၀၀၀ အောက်တွင်သာ ဆက်ရှိနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *