October 28, 2024

◾ ထရာမီမုန်တိုင်းက ဗီယက်နမ်နိုင်ငံသို့ ထပ်မံ၍ ကုန်းတွင်းဝင်ရောက်၊ ကနဦးသတင်းများအရ မုန်တိုင်းကြောင့် အနည်းဆုံးလူသုံးဦးသေ

၂၈.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံ၏အရှေ့ဘက်ကမ်းရိုးတန်းမှ အောက်တိုဘာ ၂၃ ရက်တွင် ကုန်းတွင်းဝင်ရောက်၍ နိုင်ငံအားဖြတ်သန်းတိုက်ခတ်သွားခဲ့သော အပူပိုင်းမုန်တိုင်း ထရာမီ(ဒေသအခေါ် ခရစ်စတင်း)ကြောင့် နိုင်ငံအတွင်းသေဆုံးရသူဦးရေမှာ ၁၁၀ ဦးအထိရှိလာပြီဟု အမျိုးသားသဘာဝဘေးအေဂျင်စီက အောက်တိုဘာလ ၂၇ ရက်ညတွင် ကြေညာချက်ထုတ်ခဲ့သည်။

ထရာမီက အောက်တိုဘာလ ၂၃ ရက်တွင် ကုန်းတွင်းဝင်ရောက်ပြီးနောက် အောက်တိုဘာလ ၂၄ ရက်တွင် အနောက်ဘက်ကမ်းရိုးတန်းမှ ပင်လယ်ပြင်သို့ ပြန်လည်ထွက်ခွာသည်အထိ ဖိလစ်ပိုင်နိုင်ငံအတွင်း ဖြတ်သန်းတိုက်ခိုက်သွားခဲ့မှုကြောင့် အနည်းဆုံးပြည်သူ ၅၀၀,၀၀၀ ခန့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ မုန်တိုင်းကြောင့် အနည်းဆုံး လူ ၄၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်း ကြေညာချက်က ဖော်ပြခဲ့ရာ မုန်တိုင်းကြောင့် သေဆုံးသူဦးရေမှာ ထပ်မံတိုးလာနိုင်သေးကြောင်း သိရသည်။

ထရာမီက ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအား တိုက်ခတ်သော မုန်တိုင်းများအနက် သေကြေပျောက်ဆုံးမှု အများဆုံးမုန်တိုင်းလည်းဖြစ်ခဲ့သည်။

ပင်လယ်ပြင်သို့ ပြန်လည်ရွေ့လျားခဲ့သော ထရာမီမုန်တိုင်းက တောင်တရုတ်ပင်လယ်အားဖြတ်ကျော်ကာ အောက်တို ဘာလ ၂၇ ရက်၊ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့အနီးမှ အပူပိုင်းမုန်တိုင်းအဖြစ် ကုန်းတွင်းသို့ ထပ်မံဝင်ရောက်ခဲ့သည်။ ထရာမီက အောက်တိုဘာလ ၂၇ ရက်တွင် ကုန်းတွင်းဝင်ရောက်ရွေ့လျားနေပြီး အရှေ့တောင်ဘက်သို့ပြန်ကွေ့ကာ အောက်တိုဘာ ၂၈ ရက်ညပိုင်းတွင် ဒါနန်းမြို့ အနီးမှပင် တောင်တရုတ်ပင်လယ်သို့ ပြန်လည်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။

ဒါနန်းမြို့အတွင်း မုန်တိုင်းကြောင့်သစ်ပင်များ၊ ကြော်ငြာဆိုင်းဘုတ်များနှင့် ဓာတ်တိုင်များပြိုလဲပျက်စီးကြရကြောင်းသိရသည်။ မုန်တိုင်းကြောင့် သေကြေထိခိုက်ဒဏ်ရာရမှုကို အတိအကျမသိနိုင်သေးသော်လည်း နိုင်ငံပိုင်မီဒီယာကမူ လူသုံးဦး မုန်တိုင်းကြောင့် သေဆုံးခဲ့ရကြောင်း အောက်တိုဘာလ ၂၇ ရက်က ထုတ်လွှင့်ခဲ့သည်။

Ref-The Express Tribune, DYNYZ

Leave a Reply

Your email address will not be published. Required fields are marked *