October 28, 2024

၂၈. ၁၀. ၂၀၂၄
Written by Thettant

တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် ဖြစ်ပွားခဲ့တဲ့ ကယားပြည်နယ်ရေဘေးမှာ KNDF လက်နက်ကိုင် ၁၈ ဦးအပါအဝင် လူ ၂၅ ဦးသေဆုံးခဲ့တဲ့အပြင် ရေမြုပ်သွားတဲ့ လယ်၊ ပျက်စီးသွားတဲ့ အိမ်နဲ့ စားနပ်ရိက္ခာ စတာတွေအတွက် ဒေါ်လာ ၇၇ သိန်းကျော် လိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အကူအညီတောင်းခံလာပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အစောပိုင်းကာလမှာဖြစ်ပွားခဲ့တဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် ကယားပြည်နယ်အတွင်း ရေကြီးရေလျှံ မြေပြိုဘေးကို ဖယ်ခုံ၊ လွိုင်ကော်၊ နန်းမယ်ခုံ၊ ဒီးဘောင်းခူ၊ ဒီးမော့ဆို(အရှေ့)၊ ဟိုယာ၊ ဘော်လခဲ၊ မော်ချီး၊ ဆိုမို/ဖေစိုးလေး(ရှားတော)နဲ့ မယ်စဲ့စတဲ့ မြို့နယ်တွေ၊ ဒေသတွေအပြင် စစ်ဘေးရှောင်စခန်း (၁၆) ခုနဲ့ ကျေးရွာ (၅၄) ရွာမှာ ဘေးအန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။

ဒီအထဲမှာ လူ ၂၅ ဦးသေဆုံးတာကတော့ KNDF စစ်သင်တန်းမှူးတွေ အရက်သေစာသောက်စားပြီး KNDF သင်တန်းသားတွေကို ကျောပိုးအိတ်ထဲမြေကြီးထည့်သယ်ခိုင်းပြီး တောင်ကျချောင်းကို ဖြတ်ကူးဖို့ သင်တန်းပေးခိုင်းစေချိန်မှာ KNDF ၁၈ ဦး သေခဲ့ရတာဖြစ်ပြီး ကျန်တဲ့ခုနစ်ဦးကတော့ လွိုင်ကော်မှာသုံးဦး၊ ဖယ်ခုံမှာ သုံးဦးနဲ့ ဆိုမို/ဖေစိုးလေးမှာ တစ်ဦးသေခဲ့တာပါ။

ဒီလိုသေဆုံးပျက်စီးမှုတွေမှာ ပြန်လည်ထူထောင်ဖို့လိုအပ်နေတာကတော့ စစ်ဘေးနဲ့ သဘာဝဘေးရှောင်လူ ၁၅၀၀၀၀ တစ်လစားဖို့ ဒေါ်လာ သိန်း ၃၀ ကျော်၊ လယ်ယာမြေ ၁၀၈၆၇ ဧကကျော် ပြန်လည်ကုစားဖို့ ဒေါ်လာ ၃၆ သိန်းခန့်နဲ့ ပျက်စီးအိမ် ၁၉၄၇ လုံးအတွက် ဒေါ်လာ ခုနစ်သိန်းခွဲခန့်အပြင် ဒီ ၁၉၄၇ စုရဲ့ အိမ်အသုံးအဆောင်တွေအတွက် ဒေါ်လာ လေးသောင်းခန့်လိုတယ်လို့ တောင်းဆိုထားတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *