October 28, 2024

◾ ကနဦးသတင်းအရ AA က သေဆုံးသူ ၃၀ ထက်မနည်းရှိ

၂၇.၁၀.၂၀၂၄
Written By Zun

ရခိုင်ပြည်နယ်၊ မောင်တော နခခ (၅) ကို သိမ်းပိုက်နိုင်ရေး ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် ၃ ကြိမ်မြောက် ထိုးစစ်ဆင်သော်လည်း သေဆုံးဒဏ်ရာရသူများ၍ AA တပ်ဖွဲ့မှာ နောက်ဆုတ်ထွက်ပြေးခဲ့ရပြန်ကြောင်း သိရသည်။

တပ်မတော်သတင်းရင်းမြစ်များအရ ယနေ့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း ၁ နာရီခန့်က နခခ (၅) အတွင်းသို့ AA က လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် အဆိုပါနေရာများ၌ သေဆုံးသွားသော AA အလောင်းများကို ပြန်လည်ယူကြကြောင်း၊ယင်းအချိန်တွင် တပ်မတော် နခခ (၅) အတွင်းမှ လက်နက်ကြီးများဖြင့် ထပ်မံချေမှုန်း တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် AA အဖွဲဝင် ၂၈ ဦးပွဲချင်းပြီး သေဆုံးခဲ့ကာ  ဒဏ်ရာရလူနာများအား တစ်ပါတည်း ကားများဖြင့် သယ်ထုတ်သွားကြောင်း သိရသည်။

“ဒီနေ့ AA က နခခ(၅) နားက ရွာတွေမှာအထိုင်ချပြီး လက်နက်ကြီးတွေသုံးပြီးတော့ မြေပြင်က ထိုးစစ်ဆင်တာ။ ဒါပေမဲ့ တပ်ဖက်က လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတာ။ AA ဘက်က ထိသူတွေများတယ်တဲ့။ သေသူနဲ့ ဒဏ်ရာရသူ ရာဂဏန်းတောင် ကျော်တယ်လို့လည်း ပြောနေကြတယ်။ သူတို့ ပြန်ဆုတ်သွားတယ်လို့ ပြောပါတယ်။ မောင်တောမှာ AA က သူတို့ ထိန်းချုပ်ထားတဲ့နေရာတချို့မှာ လူမနေတဲ့အိမ်တွေကိုလည်းဝင်ပြီး ရှိတာတွေယူ၊ ထင်တိုင်းကြဲနေတယ်။ ဘင်္ဂါလီတွေကတော့ တော်တော်လေးကို AA ရဲ့ဒဏ်ကို ခံနေကြရတယ်”ဟု မောင်တောဒေသခံတစ်ဦးက MT News ကို ပြောသည်။

တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများရှိနေသည့်အပြင် မောင်တောမြို့တွင်းအချို့နေရာများရှိ တပ်မတော်လုံခြုံရေးအဖွဲ့နှင့် AA တို့ မြေပြင်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

AA ဘက်လိုက်မီဒီယာများက ရခိုင်ပြည်၊ မောင်တော နယ်ခြားစောင့်ရဲ နခခ(၅)ဌာနချုပ်ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အပြီးသတ်တိုက်ပွဲဖြစ်သောကြောင့် အလွန်ပြင်းထန်လျက်ရှိနေကြောင်း ရေးသားဖော်ပြနေကြသည်။ ထို့ပြင် ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း  ကျန်ရှိနေသည့် တစ်ခုတည်းသော လက်ကျန်စခန်း နခခ(၅) ဌာနချုပ်ကို AA က ထိုးစစ်ဆင်နေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်ကြောင်းလည်း အဆိုပါမီဒီယာများကရေးသားနေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *