October 28, 2024

၂၇.၁၀.၂၀၂၄
Written By Zun

ချင်းပြည်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defense Force- CNDF) က သိမ်းထားသော စခန်းအများအပြားကို ယနေ့ အောက်တိုဘာ ၂၇ ရက်တွင် လက်လွှတ်ခဲ့ရကြောင်း ချင်းပြည်နယ်ဒေသတွင်း သတင်းများအရ သိရသည်။

တပ်မတော်ဘက်က အင်အားအလုံးအရင်းဖြင့် CNDF သိမ်းထားသော တပ်စခန်းများကို ပြန်လည်ရရှိနိုင်ရန် ထိုးစစ်ဆင်လာခဲ့သောကြောင့် စွန့်လွှတ်ခဲ့ရခြင်းလည်းဖြစ်သည်။

“မနေ့က ဆိုရင် တာဝါတိုင်းကုန်းနားမှာ CDF အလောင်းတွေရော၊ လက်နက် ခဲယမ်းတွေရော တပ်ဘက်က ရတယ်။တိုက်ပွဲက တပ်မတော် အင်အားအသာစီးနဲ့ စခန်းတွေ ပြန်သိမ်းနိုင်ခဲ့တယ်။ ထန်တလန်မြို့ထဲကို တပ်မတော်စစ်ကြောင်းတွေ ပြန်ဝင်နေကြပြီ။ အခုကတော့လေ၊လေကြောင်းကလည်း ဗုံးကြဲတာတွေလုပ်တယ်။ အကုန်လုံးကို ပြန်ပေးလိုက်ရတာ သားကြီး”ဟု CNDF ကို အားပေးထောက်ခံသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်ကိုလည်း တွေ့ရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်ကစ၍ ချင်းပြည်နယ် ဖလမ်းမြို့တွင်လည်း တပ်မတော်နှင့် CNDF တို့အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သောကြောင့် ဒေသခံများ တိမ်းရှောင်နေခဲ့ကြရကြောင်း သိရသည်။

ဖလမ်းမြို့ပေါ်ရှိ တပ်မတော် ခလရ – ၂၆၈ တပ်ရင်းက ဖလမ်းမြို့တွင်း၌ နေရာယူထားကာ CNDF ကို ယနေ့ အောက်တိုဘာ ၂၇ ရက်ထိ တိုက်ခိုက်ချေမှုန်းလျက်ရှိသည်။

ယမန်နေ့ အောက်တိုဘာ ၂၆ ရက်ကလည်း မင်းတပ်ရှိ CNDF များရှိနေသည့်နေရာတို့ကို တပ်မတော်လေကြောင်းမှ Y-12 ဗုံးကြဲလေယာဉ်ဖြင့် ဗုံးသီး အလုံး ၇၀ ခန့်ကြဲချခဲ့ကြောင်းလည်း ဒေသခံများက လူမှုကွန်ရက်၌ ရေးသားထားကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *