၂၇.၁၀.၂၀၂၄
Written by Thiri
လတ်တလောမှာ မြန်မာ့ရုပ်ရှင်ဇာတ်ကားတစ်ကား ရုံတင်မပြသခင် ကြော်ငြာအဆင့်မှာပဲ လူအဖွဲ့အစည်းတစ်ခုထံကနေ ဝေဖန်သံ တချို့ထွက်လာပါတယ်။
လက်ရှိအချိန်အထိ ပြင်းထန်တဲ့ အခြေအနေမျိုးမဟုတ်သေးပေမယ့် သတိပြုစရာ အခြေအနေဖြစ်ပေါ်လာတာမို့ တတ်သိပညာရှင်တချို့ကလည်း ဝေဖန် ထောက်ပြတာတွေ ရှိလာပါတယ်။
အဲ့ဒါက နိုဝင်ဘာလမှာ ရုံတင်ပြသမယ်ဆိုတဲ့ ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး)ရိုက်ကူးပြီး နာမည်ကျော် မင်းသားမင်းသမီးတွေဖြစ်တဲ့ လွင်မိုး၊ ခန့်စည်သူ၊ ခိုင်သင်းကြည်နဲ့ ရွှေမှုန်ရတီတို့ ပါဝင်သရုပ်ဖော်ထားတဲ့ ဇာတ်ကားနာမည် ဂျားကစ်စားဘူးသရီး -ဂျစ်ကားစီးဖူးသလား ဆိုတဲ့ ရုပ်ရှင်ရုံတင်ကားပါ။
ဒီဇာတ်ကားကြော်ငြာ အဝတ်အစားနဲ့ ဘာသာစကားကို ဟိန္ဒူ ဘာသာရေး အသိပညာ အဖွဲ့အစည်းအပါအဝင် ဟိန္ဒူ အမျိုးသမီးများကွန်ရက်ကပါ ထုတ်ဖော် ဝေဖန်ပြောလာတာပဲ ဖြစ်ပါတယ်။
Hindu ဘာသာရေး အသိပညာ ဆိုတဲ့ ပေ့ခ်ျကတော့ လူမှုကွန်ရက်မှာရေးသားထားတဲ့အထဲက တချို့ကို ထုတ်နုတ်ဖော်ပြရရင် “ရိုးရာ၊ ယဉ်ကျေးမှု၊ လူမျိုးရေးဟာ ပျက်ရယ်ပြုစရာမဟုတ်သည့်အတွက် ဟာသတစ်ခုလုပ်ထားခြင်းဟာ လူမျိုးစုတစ်ခုလုံးကို နှိမ့်ချခြင်းဖြစ်တယ်လို့ ယူဆမိပါတယ်။ လူမျိုးစုတစ်စုက မြတ်နိုးလေးစားစွာ ၀တ်ဆင်တဲ့အ၀တ်အစားကို ဟာသပြုဖို့အတွက် သီးသန့်၀တ်တာဖြစ်တဲ့အတွက် အလွန်စိတ်ပျက်မိပါတယ်” လို့ ရေးသားထားသလို အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးများကွန်ရက် တည်ထောင်သူ ဒေါ်ကတ်သလင်းသိန်းကလည်း ” လူအချင်းချင်း၊ ဘာသာအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း တစ်ဦးကိုတစ်ဦး စိတ်အနှောင့်အယှက်မဖြစ်ရအောင် သင်ယူလေ့လာစေချင်ပါတယ်။ ဒီရုပ်ရှင်ကိုရိုက်ထားတာ ဘယ်တုန်းကမှန်းမသိပေမဲ့ ကိုယ့်ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုကိုတန်ဖိုးမထားဘဲ ဟာသဆန်ဆန် ရုပ်ရှင်ရိုက်ထားတာကို လက်မခံပါဘူး”လို့ သူ့ခံယူချက်ကို လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ် ။
ရုပ်ရှင်ကြော်ငြာ ပိုစတာအရ ဟာသကားဖြစ်နိုင်ဖွယ်ရှိပြီး လူအဖွဲ့အစည်းတစ်ခုအပေါ် သရော်တဲ့ သဘော သက်ရောက်နေတာပါ။ ဟာသကားဆိုတာက အင်မတန် ထိလွယ်ရှလွယ်ပြီး ဟာသမှာလည်း အဆင့်အတန်း အမျိုးမျိုးရှိပါတယ်။ ငှက်ပျောခွံတက်နင်းမိလို့ ချော်လဲတဲ့ ဟာသမျိုး။ သမီးရည်းစားချိန်းတွေ့နေတာကို ပန်းခြံထဲ အတွဲချောင်းရင်း သမီးရည်းစား ဖက်သလို သစ်ပင်ကို ဖက်ပြတဲ့ ဟာသမျိုး အပါအဝင် မရယ်ရတဲ့ အတင်းကလိထိုး ဟာသတွေလည်း ရှိပါတယ်။ နောက်ပြီး တစိမ့်စိမ့်ပြုံးရတဲ့ ဟာသမျိုး၊ သရော်တဲ့ ဟာသမျိုး စသဖြင့် အဆင့်အတန်း အမျိုမျိုးရှိပါတယ်။ ဒါပေမယ့် ဟာသမှာ ကြောက်စရာအကောင်းဆုံးအချက်က သရော်မှုနဲ့ ဟာသကို ရောထွေးလိုက်တဲ့အခါ ခေတ်မီလာတဲ့ လူ့အဖွဲ့အစည်းတစ်ခုက ဒါကို Blame တယ်လို့ လက်ခံကြတယ်လို့လည်း ဝါရင့် ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကြီးတစ်ဦးက MT News ကို ပြောပါတယ်။
သူက “သရော်တာနဲ့ ဟာသ မကွဲတော့ လှောင်သလိုဖြစ်တယ်။ အဲဒါတွေက အခုခေတ်မှာ ပြဿနာလို ဖြစ်လာတယ်။ လူတစ်ယောက် ဝ လာတယ်။ တို့ကလည်း ဝတဲ့သူကို ရယ်စရာလို ဇာတ်ကားမှာ ထည့်ရိုက်တယ်။ ဒါပေမယ့် တကယ့် တကယ်ကြတော့ ဒါတွေဟာ ဒီဘက်ခေတ်မှာ လက်သင့်မခံတော့ဘူး။ ဇာတ်လမ်းတွေထဲမှာတော့ ဟာသသဘော ဒီနေ့အထိ ထည့်နေကြတုန်းပဲ။ မသန်စွမ်း ဇာတ်ရုပ်ကို ဟာသလုပ်နေဆဲပဲ။ Humanism အရ ဒါတွေက လှောင်ရမှာမဟုတ်ဘူး။လှောင်တဲ့ လူတွေကသာ ရှက်စရာနဲ့ အတွေးအခေါ် နိမ့်ကျတာဆိုတဲ့ အသိအမြင်မျိုး ဒီနေ့ခေတ် လူတွေမှာ ရှင်သန်လာတာပေါ့နော်။ အခု ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ထားတဲ့ ဇာတ်ကားကရော လူ့အဖွဲ့အစည်းတစ်ခုအတွက် လှောင်သလို သရော်သလို ဖြစ်သွားလား ပြန်ကြည့်ရမယ်။ ဒါမျိုးက ရုပ်ရှင်တို့ ဇာတ်သဘင်တို့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားမျိုးမို့ ဖြစ်လာရင် တောင်းပန်ကြတာ။ စာနယ်ဇင်းတွေရှေ့မှာ တောင်းပန်ရတဲ့ ဖြစ်စဉ်တွေလည်း ဒါ ရှိတာပဲ။ ဆင်ဆာအဖွဲ့တွေလည်း ရှိပါတယ်ယ။ သူတို့ ပြောမှာပါ” လို့ ဆက်လက်ပြောပါတယ်။
နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ စိတ်နေစိတ်ထား၊ သဘောထား၊ ယဉ်ကျေးမှု အဆင့်အတန်း စရိုက်လက္ခဏာတွေကို ထင်ရှားပေါ်လွင်စေတဲ့ မျက်နှာစာဟာ အနုပညာလို့ သတ်မှတ်နိုင်ပါတယ် ။ အဲဒီထဲကမှ ပို ထင်သာမြင်သာအောင် ဆွဲထုတ်ပြောပြရင် ရုပ်ရှင် အနုပညာပါ။ ခေတ်မီ နည်းပညာတွေ စက်ကိရိယာနဲ့ အဆင့်မြင့်ရိုက်ချက်တွေ၊ တည်းဖြတ်မှုတွေက ကဏ္ဍတစ်ခုကနေ ပါဝင်နေသလို အဓိက က Directing ပိုင်းနဲ့ Script Writing ပိုင်းလို့ ဆိုရမှာလည်းဖြစ်ပါတယ်။
တချို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သူတို့ရဲ့ အမှောင်ဘက်က ဓလေ့ စရိုက်ကို ရုပ်ရှင်ပညာနဲ့ ဖုံးကွယ်ကြပါတယ်။ အတုအယောင်တွေ၊ မရှိခဲ့တဲ့ ယဉ်ကျေးမှုတွေကို ပုံဖော်ပြသတာပင် ဖြစ်လင့်ကစား အိမ်နီးချင်းနိုင်ငံတွေရဲ့ ဓလေ့ထုံးတမ်းတွေကို အနည်းငယ်ပြင်ဆင်၊ မူပြောင်း၊ ပုံတူကူး ပြသပေမယ့်လည်း နောက်မျိုးဆက်မှာ အတုယူစရာ တစ်ခုအဖြစ်နဲ့ ပြုပြင်ထိန်းသိမ်းကြတာမျိုးနဲ့ သူတို့ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ကြတာလို့ နိုင်ငံတကာ ရုပ်ရှင်အတတ်ပညာပိုင်းနဲ့ ပတ်သက်လို့ လေ့လာနေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
သူက”ကျွန်မတို့ဆီမှာလည်း တကယ့် Method နဲ့ ရိုက်ကူးတဲ့ လူငယ်ဒါရိုက်တာတွေ ၂၀၁၄ ၊ ၁၅ အတွင်း ထွက်လာတာပဲ။ Post Production မလုပ်ခင် Pre Production ကို စနစ်တကျ လုပ်တယ်။ ဇာတ်ညွှန်းပိုင်းကို ဂရုစိုက်လာပြီး ရိုက်ကူးရေးမှာ Story book ကအစ အသေးစိတ်လုပ်တာ။ အသေးစိတ်ပုံဖော်ပြတယ်။ ယဉ်ကျေးမှု အစားအသောက် တွေကအစ ဇာတ်ကားထဲကနေ နိုင်ငံတကာကို အသိပေးတာပေါ့။ မြန်မာ့ မနက်ခင်းစာဆို ဘယ်လို။ အစားအသောက်စားရင် ဦးချတဲ့ အလေ့အကျင့်။ ဒါမျိုးတွေကို အနုစိတ်ကလေး ပြတာပေါ့။ တကယ့်လက်တွေ့မှာ ဇလုံနဲ့ ထမင်းကို ငပိရည် ဆမ်းနယ်စားတာကအစ သဘာဝကျ နီးစပ်ပြီး ကြည့်ရှုသူက စားချင်လိုက်တာဟယ်ပဲ ဖြစ်ရမယ်။ ရွံစရာကွာဆိုတာမျိုး မဖြစ်ရအောင်ပေါ့။ ရုပ်ရှင်ပညာဆိုတာ ဒါကို ခေါ်ပါတယ်။ ခေတ်မီ စက်ကိရိယာတွေ၊ နည်းပညာတွေ မပံ့ပိုးနိုင်ဘူးဆိုတဲ့ ဆင်ခြေထက် ကိုယ့် ဦးနှောက်က ထွက်လာတဲ့ဇာတ်လမ်းဇာတ်ညွှန်း အခြေအနေကိုလည်း ထည့်တွေးရတော့မယ်။ နိုင်ငံတကာမှာလည်း အနုပညာကို စီးပွားဖြစ်ရိုက်ထုတ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရှိပါတယ်။ ဒါပေမယ့် ဇာတ်လမ်း ဇာတ်အိမ် ခိုင်မာကြတယ်”လို့ ဆိုပါတယ်။