October 28, 2024

၂၇. ၁၀. ၂၀၂၄
Written by Tha Doe

သူပုန်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA က စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ ဖမ်းဆီးထားတဲ့ Red News Agency က သတင်းထောက် တာလင်းမောင်နဲ့ အလွတ်တန်းသတင်းထောက်နောင်ရိုးတို့နှစ်ဦး ဒီနေ့ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စက်တင်ဘာလအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေအပေါ် ဝေဖန်မှုနဲ့ KIA က ဖမ်းဆီးထားတဲ့ တာလင်းမောင်နဲ့ နောင်ရိုးတို့ကို ချက်ချင်းပြန်လွှတ်ဖို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ပြီးကာမှ Red News Agency နဲ့ ပြည်တွင်းသတင်းအဖွဲ့အစည်းတချို့က နောက်ကလိုက် တောင်းဆိုအပြီးမှာ KIA က ပြန်လွှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် နောင်ရိုးဟာ နိုင်ငံရေးအကျဉ်းသားဖြစ်တယ်လို့လည်း သိရပြီး တာလင်းမောင်ကတော့ အရင်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ နယ်သတင်းထောက်ဖြစ်ခဲ့ပေမဲ့ CDM လုပ်ပြီး Red News Agency မှာ လုပ်ကိုင်နေသူပါ။

Rebel Group လို့ CPJ က သုံးနှုန်းခံရတဲ့ KIA ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေထဲ အင်အားကြီးတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်သလို တာလင်းမောင်နဲ့ နောင်ရိုးဟာလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သောင်းကျန်းသူတွေက ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ယောက်ဖြစ်လာကြောင်းလည်း CPJ က ဖော်ပြခဲ့ပြီး လက်ရှိလွတ်​မြောက်မှုကိုတော့ နောင်ရိုးက သူ့ လူမှုကွန်ရက်မှာ “ကျွန်တော်နဲ့ ကိုတာလင်းမောင် နေကောင်း၊ ကျန်းမာစွာနဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါပြီ၊ကူညီစောင့်ရှောက်ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ”လို့ ရေးသားဖော်ပြထားတာလည်း တွေ့ရသလို My Day မှာလည်း သူတို့နှစ်ဦးပုံ ဖော်ပြထားပါတယ်။

ပုံစာ။ သူပုန်လက်နက်ကိုင် KIA ဖမ်းဆီးခံထားရမှုမှ ပြန်လည်လွတ်မြောက်လာတဲ့ နောင်ရိုးနဲ့ တာလင်းမောင် (Photo – Naung Yoe)

Leave a Reply

Your email address will not be published. Required fields are marked *