October 28, 2024

၂၇. ၁၀. ၂၀၂၄
Written by Nay Moe

MNDAA ဦးဆောင်ပြီး AA ၊ TNLA ၊ BPNA ၊ BNRA ၊ မန္တလေး PDF တွေနဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်ကစပြီး မြို့အများအပြားသိမ်းယူနိုင်ဖို့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည် ဒီနေ့မှာ လောက်ကိုင်ကဟိုတယ်တွေ ပစ်မှတ်ထား ဗုံးကြဲခံခဲ့ရတယ်လို့ သိရပါတယ်။

MNDAA လက်နက်ကိုင်တွေ အခြေပြုဇိမ်ခံရာ ဟိုတယ်တွေဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ အမြဲလိုဗုံးကြဲခံနေရတာဖြစ်ပြီး နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီနေ့ အောက်တိုဘာ ၂၇ ရက် မြန်မာစံတော်ချိန် နံနက် ၁၂ နာရီ ၂၀ မိနစ်ခန့်မှာ အထူးဒေသ(၁)ရဲ့ မြို့တော် လောက်ကိုင်၊ စွမ်းဖုန်ချိန် (Shuang feng cheng) ဧရိယာကို လေကြောင်းက ဗုံး ၃ လုံးထက်မနည်း ကြဲချခဲ့တာကြောင့် အဲဒီဧရိယာမှာရှိတဲ့ဟိုတယ်အဆောက်အအုံအများအပြား ဗုံးကြဲခံခံရသလို အစားအစာအရောင်းအဝယ်လုပ်ရာလမ်းလည်း ဆိုးရွားစွာ ပျက်စီးခဲ့ပြီး အခြားအိမ်အများအပြားလည်း ထိခိုက်မှုအမျိုးမျိုးနဲ့ ပျက်စီးခဲ့တယ်လို့ MNDAA ရဲ့ The Kokang သတင်းဌာနက ထုတ်ပြန်ဖော်ပြထားပါတယ်။

ဒီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပေမဲ့လည်း ကံကောင်းထောက်မစွာ ဒဏ်ရာရရှိသူ တစ်ဦးမှ ဒဏ်ရာမပြင်းထန်ဘူးလို့လည်းဖော်ပြထားပြီး MNDAA ရဲ့ ထုံးစံအတိုင်း ဒဏ်ရာရသူတွေက သူတို့တပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ အရပ်သားလို့လည်းပြောထားပါသေးတယ်။

MNDAA တိုက်ခိုက်သိမ်းယူထားတဲ့ လောက်ကိုင်မြို့ကို ဗုံးကြဲမှုအပြင် TNLA သိမ်းယူထားတဲ့ နမ့်ခမ်းမြို့ကိုလည်း ဗုံးကြဲခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၇ နာရီ ၃၅ မိနစ်၊ ၇ နာရီ ၄၅ မိနစ်နဲ့ ၈ နာရီ ၁၄ မိနစ်အချိန်တွေမှာ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပေမဲ့ ထိခိုက်မှုရှိမရှိကိုတော့ ဖော်ပြမထားတာ တွေ့ရပါတယ်။

၂၀၂၄ စက်တင်ဘာ ၂ ရက်မှာ ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ဖော်ဆောင်တဲ့ MNDAA ၊ TNLA နဲ့ AA တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သလို တုံ့ပြန်တိုက်ခိုက်မှာမို့လို့ မသက်ဆိုင်တဲ့ပြည်သူတွေ အကြမ်းဖက်လက်နက်ကိုင်တွေအနီးမနေထိုင်ဖို့ တရားဝင်သတိပေးအပြီးမှာ လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်နေသလို TNLA က ဗိုလ်ကြီးတစ်ဦးကလည်း သူ့လူမှုကွန်ရက်မှာ ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့်မှာ MNDAA ၊ TNLA နဲ့ AA တို့ သိမ်းယူထားတဲ့နယ်မြေတွေကို ဗုံးကြဲခံနေရကြောင်း ဖော်ပြထားသလို ဒီည သန်းခေါင်ကျော်ချိန်အထိ တိုက်ခိုက်ခံရနိုင်လို့ သတိပြုဖို့လည်း ရေးသားထားတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *