October 28, 2024

၂၆.၁၀.၂၀၂၄
Written By Zun

မန္တလေးတွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင်အား အလုပ်သမားက ဓားဖြင့် ခုတ်၍ ဆိုင်ပိုင်ရှင်အပါအဝင် ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရမှု ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊အကွက် ၉၊ ၁၇ လမ်း၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တွင် ဆိုင်အလုပ်သမားနှစ်ဦး သမီးရည်းစားကိစ္စအချင်းများထားရာမှ ဆိုင်အလုပ်သမားက ဆိုင်ပိုင်ရှင်အပါအဝင် လူလေးဦးကို ဓားဖြင့် ခုတ်ခဲ့ခြင်းကြောင့် သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်းဖြစ်သွားပြီ။ အောက်တိုဘာ ၂၄ ရက် ည သန်းခေါင်ကျော်အချိန်ပေါ့။ အဲဒီအချိန်လောက်မှာ ဖြစ်တာ။ သမီးရည်းစားကိစ္စတွေလို့ ပြောတယ်။ သေတာက ၂ ယောက်၊ ဒဏ်ရာရတာက ၂ ယောက်ပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းက MT News ကို ပြောသည်။

ဖြစ်စဥ်တွင် လက်ဖက်ရည်ဆိုင်အလုပ်သမား ရဲပိုင်ရွှေ (ခ)ကိုရဲက သမီးရည်းစားကိစ္စဖြင့် အချင်းများထားသူ ဆိုင်အလုပ်သမား မောင်ကို(အမည်လွှဲ)အား ဗျတ် ၄ လက်မ အရိုးအသွား၊ အရှည် ၁ ပေခန့်ရှိ စားဖိုမှူးသုံးဓားဖြင့် ခုတ်ခဲ့သောကြောင့် မောင်ကို(အမည်လွှဲ)၏လည်ပင်းပြတ်ရှကာ သေဆုံးခဲ့ကြောင်း၊ ယင်းအပြင် အသက် ၉ နှစ်အရွယ်သာရှိသေးသည့် ဆိုင်အလုပ်သမား မောင်ကံ(အမည်လွှဲ)အား ဓားဖြင့် ထပ်မံခုတ်သောကြောင့် လည်ပင်းနှင့် ရင်ဘတ်တို့ တွင် ဒဏ်ရာရရှိခဲ့ရာ အော်ဟစ်အကူအညီတောင်းခံခဲ့သောကြောင့် ဆိုင်အပေါ်ထပ်၌ရှိနေသည့် ဆိုင်ပိုင်ရှင် လင်မယားက ဆိုင်အောက်ထပ်ကို ဆင်းလာခဲ့ကြောင်း သိရသည်။

ယင်းသို့ဆင်းလာစဉ် ဓားဖြင့်ခုတ်နေသူ ရဲပိုင်ရွှေ (ခ)ကိုရဲက ဆိုင်ရှင်လင်မယားအား ဓားဖြင့် ထပ်မံခုတ်ခဲ့ရာ ဆိုင်ရှင်ယောကျာ်းဖြစ်သူမှာ ပခုံးပြတ်ရှဒဏ်ရာ (၁)ချက်၊လက်ဝဲဘက်လက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်နှင့် နှာ ခေါင်း ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိခဲ့ကာ ဆိုင်ရှင်၏ ဇနီးဖြစ်သူမှာ လည်ပင်းပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်စဉ် ဆိုင်ရှင်၏ ဇနီးသည်မှာ ဆုံးပါးသွားကြောင်း၊ ယခုအခါ ကျူးလွန်သူ ရဲပိုင်ရွှေ (ခ)ကိုရဲအား အမှတ်(၁)နယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားကာ ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *