October 28, 2024

၂၆.၁၀.၂၀၂၄
Written By Thandar

ပညာပေးဇာတ်လမ်းပုံစံ “လင်ကြမ်း မယားကြမ်း” ဇာတ်လမ်းတွဲ Premiere Show ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၆ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ Kan Tharyar Shopping Mall ရှိ Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားလေး လင်ကြမ်း မယားကြမ်းဆိုပြီးတော့ လင်မယားနှစ်ယောက်ရဲ့ ကြမ်းတမ်းတဲ့အရာတွေ ဘယ်လောက်ထိကြမ်းပြီးတော့ ဘယ်လောက်အကုသိုလ်တွေဖြစ်တယ်။ သံသရာမှာရော လက်ရှိဘဝမှာပါ ဘယ်လောက်ထိ ကြောက်စရာကောင်းတယ်ဆိုတာတွေ ပါတယ်။ ဝဇီဗေဒ ဘယ်လောက်ထိ ကြောက်စရာကောင်းတာကို သံသရာရော၊ လက်ရှိဘဝကိုပါ ပညာပေးလေးအနေနဲ့ ရိုက်ဖြစ်တာပါ”လို့ ဒါရိုက်တာ သရုပ်ဆောင် ခွန်သာချိုက ပြောပါတယ်။

အဆိုပါအခမ်းအနားကို ဇာတ်လမ်းတွဲမှာ ပါဝင်ထားကြတဲ့ အနုပညာရှင်တွေ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ တက်ရောက်ခဲ့ကြပြီးတော့ မေတ္တာလက်ဆောင်အနေနဲ့ ကံစမ်းမဲတွေ နှိုက်ပေးခဲ့ကြပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းအပြင် ဒါရိုက်တာအနေနဲ့ ခွန်သာချိုက သဘာဝကျကျလေးနဲ့ အကောင်းဆုံး ဖန်တီးပုံဖော် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ ခွန်သာချို၊ အာကာမြင့်အောင်၊ အကယ်ဒမီအောင်ခိုင်၊ ခိုင်နိုး၊ အကယ်ဒမီ ခင်မို့မို့အေး၊ အိန္ဒြာချမ်းမြေ့၊ အိမ့်ခြူးဝင်း စတဲ့သူတွေ ပါဝင်ထားပါတယ်။

“အမအနေနဲ့ ဒီဇာတ်လမ်းတွဲကိုလည်း သဘောကျလို့ လက်ခံရိုက်ကူးဖြစ်တာပါ။ ကိုယ့်ကို ဇာတ်လမ်းမှာ ခပ်ကြမ်းကြမ်း ကာရိုက်တာနဲ့ ပြေးမြင်မိလို့လည်း ကျေးဇူးတင်ပါတယ်။ အမက ပညာပေးဇာတ်လမ်းတွေကို ပိုသဘောကျတယ်။ အရင်ရိုက်ခဲ့တဲ့ လျှောက်သောလမ်း ဇာတ်လမ်းတွဲတွေမှာလည်း ကိုခွန်သာချိုနဲ့အတူ ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်လမ်းတွဲလည်း ပရိသတ်အကြိုက်တွေ့စေမှာပါ”လို သရုပ်ဆောင် အာကာမြင့်အောင်က ပြောပါတယ်။

အပိုင်း (၁၆)ပိုင်းပါဝင်တဲ့ “လင်ကြမ်း မယားကြမ်း” ဇာတ်လမ်းတွဲကို လာမယ့် အောက်တိုဘာ ၃၁ ရက် ည ၈ နာရီမှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ အပတ်စဉ်ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။

#ခွန်သာချို #ခိုင်နိုး #အာကာမြင့်အောင် #အောင်ခိုင် #KhunTharCho #KhaiNo #AkarMyintAung #AungKhaing #လင်ကြမ်းမယားကြမ်းဇာတ်လမ်းတွဲ

Leave a Reply

Your email address will not be published. Required fields are marked *