October 28, 2024

၂၆-၁ဝ-၂ဝ၂၄
Written by K Pyay Thein

မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆို့ အရေးယူမယ့် Article 33 နဲ့ ပတ်သက်လို့ ရန်ကုန်မြို့၊ ကန်ဘဲ့လမ်းမှာရှိတဲ့ ကမ္ဘာ့အလုပ်သမားသမားအဖွဲ့ချုပ်(ILO)ရုံးကို မြန်မာအလုပ်သမားထုဘက်က ကန့်ကွက်ရှုတ်ချစာတစ်စောင်ကို ယမန်နေ့ အောက်တိုဘာ ၂၅ ရက်နေ့က ပေးပို့ထားလိုက်ပြီဖြစ်တယ်လို့ မြန်မာအလုပ်သမားထုကိုယ်စားလှယ်တွေက MT News ကို ပြောပါတယ်။

“ကျွန်တော်တို့ မနေ့က ကန်ဘဲ့လမ်းမှာရှိတဲ့ ILO ရုံးကို အလုပ်သမားတွေရဲ့လက်မှတ်တွေပါတဲ့ Article 33 ကျင့်သုံးမယ့်ကိစ္စရပ်‌တွေနဲ့ ပတ်သက်ပြီး ကန့်ကွက်စာတစ်စောင်ကို သွားရောက်ပေးပို့ပြီးပါပြီ။ ရန်ကုန်တစ်တိုင်းတည်းမှာတင် CNP လုပ်ငန်းစက်ရုံ၊ အလုပ်ရုံပေါင်းက ၇ဝဝဝ လောက်ရှိပါတယ်။ နောက် ကျွန်တော်တို့ မနေ့က ပေးပို့တဲ့ ကန့်ကွက်စာလည်း ဟိုဘက်ကိုရောက်သွားပြီလို့ သိရတယ်။ ဟိုတလောတုန်းက ရန်ကုန်မှာလုပ်တဲ့ Article 33 နဲ့ ပတ်သက်လို့ ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲမှာ ပြောခဲ့တဲ့အကြောင်းအရာတွေ မြန်မာအလုပ်သမားထုတွေရဲ့အသံကိုလည်း အလုပ်သမားဝန်ကြီးဌာနကနေတစ်ဆင့် ဟိုဘက်နိုင်ငံမှာရှိတဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေကနေတစ်ဆင့် ILO ရုံးချုပ်ကို သတင်းစကားပေးပို့ထားသလို အချက်အလက်တွေအကုန်လုံးကိုလည်း ပေးပို့ထားပြီးဖြစ်ပါတယ်။ အခု သူတို့လုပ်မယ့်အစည်းအဝေးကိုပဲ ဆက်ပြီးစောင့်ကြည့်ရမှာပေါ့။ အဲ့ဒီကနေ ဘာတွေထူးခြားမှုရှိလာနိုင်မလဲဆိုတာကို‌ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်သွားမှာပါ”လို့ မြန်မာအလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဇော်ဇော်အောင်က MT News ကို ပြောပါတယ်။

ILO က မြန်မာနိုင်ငံအပေါ် Article 33 ကျင့်သုံးမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မြန်မာအလုပ်သမားထုစစ်စစ်တွေဘက်က မလိုလားကြောင်းနဲ့ ဆန့်ကျင်ရှုတ်ချကြောင်း သတင်းစကား‌တွေပါဝင်တဲ့ကန့်ကွက်စာကို အလုပ်သမား ၄၈ဝ ကျော်က လက်မှတ်ရေးထိုးထားပြီး ILO ကို ပေးပို့ထားတာ ဖြစ်ပါတယ်။

အဲ့ဒီ Article 33 လို့ခေါ်ဆိုတဲ့ မြန်မာနိုင်ငံအား အလုံးစုံပိတ်ဆို့ရေးအဆို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ထံတင်သွင်းခဲ့ရာမှ ILO က လက်ခံပြီး ပိတ်ဆို့ခြင်းဆိုင်ရာကိစ္စရပ်တွေကို လက်ခံဆွေးနွေးမယ်လို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာ့အလုပ်သမားထု‌စစ်စစ်တွေရဲ့ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကိုလည်း အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး(ကနောင်ခန်းမ)မှာပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် Article 33 နဲ့ ပတ်သက်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)အနေနဲ့ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံတွေက အလုပ် သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုကာကွယ်ပေးဖို့၊ အလုပ်သမားထုစစ်စစ်တွေရဲ့ အသံကို နားထောင်ပေးဖို့နဲ့ Article 33 နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချရမယ့်ကိစ္စရပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့ မြန်မာ့အလုပ်သမားထုတွေဘက်က တောင်းဆိုထားကြတာဖြစ်ပါတယ်။

ILO က အဲ့ဒီ Article 33 နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို မနက်ဖြန် အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ ရှေ့လ နိုဝင်ဘာ ၇ ရက်နေ့အထိပြုလုပ်မယ့် သူတို့ရဲ့ မန်ဘာအစည်းအဝေးမှာ စဉ်းစားဆုံးဖြတ်ဖို့ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေဖြစ်တဲ့ အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်းအစရှိတဲ့ လက်ခစားလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားဉီးရေ ၅ သိန်းခန့်က အလုပ်လုပ်ကိုင်နေရတာလည်းဖြစ်ပါတယ်။

#အထည်ချုပ်လုပ်ငန်း #Article33 #ကန့်ကွက်စာ #ILO #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *